တစ်မိုင်အကွာက ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် M.R.G ၏ လက်လုပ်စိန်ပြောင်း ထုတ်လုပ်မှု အလှူငွေရရှိမှု နည်းပါးသဖြင့် ခေတ္တ ရပ်ဆိုင်းထားရ

Author လင်းခိုင်
Categories
Published on Jan 18, 2023

 

တစ်မိုင်အကွာက ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် မြေလတ်ဒေသပျောက်ကြားတပ်ဖွဲ့(M.R.G) ၏ လက်လုပ်စိန်ပြောင်း ထုတ်လုပ်မှုမှာ အလှူငွေရရှိမှု နည်းပါးသဖြင့် ခေတ္တရပ်ဆိုင်းထားရကြောင်း ယင်းအဖွဲ့ တာ၀န်ခံ ရဲဘော်ပြေက CJ Platform သို့ပြောကြားသည်။

“၆၀ မမ လက်လုပ်စိန်ပြောင်း တစ်ခုဆိုရင် ၂ သိန်းလောက်ကုန်ကျပြီးတော့၊ ၆၀ မမ ဗုံးသီး(အဖူး) တစ်လုံးကို ရှစ်သောင်း၀န်းကျင် ကုန်ကျပါတယ်” ဟု ရဲဘော်ပြေက ပြောကြားသည်။

ထုတ်လုပ်ရေးပိုင်းတွင်လည်း လိုအပ်ချက်များစွာရှိနေကြောင်း၊ တွင်ခုံမရှိသည့် ပြသနာ၊ လျှပ်စစ်မီးမရရှိသည့်အတွက် မီးစက်များဖြင့် မောင်းက ပစ္စည်းများထုတ်လုပ်နေရသည့်အတွက် ဆီစျေးနှုန်းဖြင့် ထုတ်လုပ်ရေးလည်ပတ်နိုင်ရန် အခက်အခဲများရှိနေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“အလှူငွေ ရရှိမှုနည်းပါးလာတဲ့ အခုလိုအချိန်မှာ လိုအပ်ချက်အရ အကြွေးနဲ့ လည်ပတ်နေရတာတွေလည်းရှိပါတယ်။ Auto Gun မပါတော့ လုံးဝြကီး ရပ်လိုက်လို့လည်းမဖြစ်တဲ့အချိန်မှာ ငွေခဏလှည့်ပြီး ထုတ်ရတာပါ” ဟု ရဲဘော်ပြေက ဆိုသည်။

၆၀ မမ လက်လုပ်စိန်ပြောင်းအား လက်ရှိအချိန်ထိ ၃ ပြောင်း ထုတ်လုပ်နိုင်ခဲ့ပြီး၊ ၃ပြောင်းလုံးပစ်ခတ်နိုင်ကြောင်း၊ ၆၀ မမ ဗုံးသီး ရာဂဏန်းခန့်ကို တိုက်ပွဲများတွင် အသုံးပြုနိုင်ခဲ့ပြီး ၊ ဗုံးသီး ၃၀ ခန့်ကိုလည်း အမြဲအသင့် ဆောင်ထားသည်ဟု ရဲဘော်ပြေက ဆက်လက်ရှင်းပြသည်။

ပြည်သူများသည် တာ၀န်ကျေကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်မှုများကို တောင်ခံပေးကြရန်နှင့် အောင်ပွဲမကြာမီ ရောက်ရှိလာတော့မည်ဟု ရဲဘော်ပြေက ပြောကြားသည်။

MRG ၏ ၆၀ မမစိန်ပြောင်းနှင့် အဖူးများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်လုပ်အောင်မြင်ခဲ့ပြီး၊ အောက်တိုဘာလ၌ မြေပြင်တိုက်ပွဲများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထို စိန်ပြောင်းများဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါ၀င်ပေးရန် MRG က နှိုးဆော်ထားသည်။
ဓာတ်ပုံ-MRG
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြေလတ်ဒေသပျောက်ကြားတပ်ဖွဲ့ #လက်လုပ်စိန်ပြောင်း