ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ၌ NUG ပြည်ထောင်စု၀န်ကြီးချုပ်မှ လက်နက်များ ပေးအပ်

Author လင်းခိုင်
Categories
Published on Jan 17, 2023

 

ကရင်ပြည်နယ်အခြေစိုက်၊ ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက လက်နက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့(ဇန်နဝါရီ ၁၇ရက်) ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သင်တန်းဆင်းပွဲ၌ ပြည်ထောင်စု၀န်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် NUG အနေဖြင့် တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ အောင်မြင်သင့်သလောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တော်လှန်တိုက်ထုတ်နေသည့်အတွက် အာဏာရှင် နိဂုံးချုပ်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း ပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ စုဖွဲ့မှုအရှိန်အဟုန်ကောင်းမွန်စွာဖြင့် ရှေ့ဆက်နိုင်ပြီဖြစ်ပြီး၊ နိုင်ငံရေး၊ စစ်ရေးထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်တိုးတက်လျက်ရှိကြောင်း၊ NUG ခေါင်းဆောင်များသည် တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်၌ တသားတည်းရှိနေသည်ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ဆိုသည်။

ထို့ပြင် စစ်ပြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်နေကြောင်း၊ တော်လှန်ရေး၌ အုတ်တစ်ချပ် သဲတစ်ပွင့် ပါ၀င်နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှုကြောင့် မကြာမီ တော်လှန်ရေးအသီးအပွင့်များကို ခံစားရတော့မည်ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး အားထုတ်နေမှုထက် ပိုမိုအားစိုက်ပေးကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

မိန့်ခွန်းပြောကြားပြီးနောက် ပြည်ထောင်စု၀န်ကြီးချုပ်သည် ဒေါနစစ်ကြောင်း တာ၀န်ရှိသူများကို လက်နက်များပေးအပ်ခဲ့ပြီး၊ ပြည်ထောင်စု၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များကို ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်းပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက သင်တန်းဆင်းရဲဘော်များကို တစ်ဦးချင်း သစ္စာရေတိုက်ကျွေးမှုများပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-ပြည်ထောင်စု၀န်ကြီးချုပ် လူမှုကွန်ယက်စာမျက်နှာ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #မန်းဝင်းခိုင်သန်း #ပြည်ထောင်စုဝန်ကြီးချုပ် #ဒေါနစစ်ကြောင်း #လက်နက်တပ်ဆင်