လက်နက်ကြီးကြောက်၍ ရှောင်ကာမှ လက်နက်ကြီး ဖြင့် ဆုံးပါးခဲ့ရသည့် ကရင်နီပြည်မှ ဒေါ်စူးမြာ

Author မောင်ဒဂုံ
Categories
Published on Jan 16, 2023

 

ဒေါ်စူးမြာက ကရင်နီပြည်မှ ဒေသခံ ပြည်သူ တစ်ဦး ဖြစ်သည်။ သူ(မ)ထံ တွင် သားနှစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူက ကျန်းမာရေး မကောင်းပေ။ သားအကြီးက အိမ်ထောင်ရက်သား ကျသွားပြီ ဖြစ်ပေမယ့် အရွယ်မရောက်သေးသည့် သားငယ်နှင့် ခင်ပွန်းဖြစ်သူတို့ကို ဒေါ်စူးမြာ စောင့်ရှောက်ရ ဦးမည် ဖြစ်ပေသည်။

ဒေါ်စူးမြာတို့ မိသားစုက မချမ်းသာပေမယ့် ကရင်နီပြည်မှာတော့ ကိုယ်ပိုင် လယ်ယာခြံမြေလေးနှင့် စစ်အာဏာသိမ်းမှု မဖြစ်ခင်ထိ အဆင်ပြေနေခဲ့သေးသည်။

“ ဒီ စစ်အာဏာရှင် အာဏာမသိမ်းခင်ကတော့ သူတို့က စီးပွားရေးတွေ ဘာတွေ အဲ့ဒီလို လုပ်တာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ့် လယ် ကိုယ့်ခြံ ကိုယ် လုပ်နိုင်သလောက်ပဲ။ အဲ့ဒီလိုမျိုူး လုပ်တာပဲ ရှိတယ်” ဟု ဒေါ်စူးမြာ၏ ဆွေမျိုး တစ်ဦးက ပြောပြသည်။

စစ်အာဏာသိမ်းမှု ဖြစ်လာပြီးနောက် အာဏာသိမ်း စစ်ကောင်စီက တစ်နိုင်ငံလုံးမှ ဆန္ဒပြပွဲများကို ရက်ရက်စက်စက် ကြမ်းကြုတ်စွာ ဖြိုခွဲခဲ့သည်။ မျက်စိရှေ့တွင် စစ်သားများ သေနတ်ဖြင့် ခေါင်းကို ရက်စက်စွာ ပစ်ခတ်ခဲ့မှုများ၊ ကလေးငယ်များ ပါမကျန် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ခြင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင် တော်လှန်မှုများကို ပေါ်ပေါက်လာစေခဲ့သည်။

ကရင်နီပြည်သည် နွေဦးတော်လှန်ရေးအတွင်း အစောဆုံး လက်နက်ကိုင် တော်လှန်မှုများ ဖြစ်ပေါ်လာခဲ့သည့် ဒေသများထဲမှ တစ်ခုဖြစ်သည်။ ထို့အတွက် စစ်ကောင်စီ တပ်များ၏ အကြမ်းဖက် နှိမ်နင်းမှုများကိုလည်း တစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည်။

စစ်ဘေးရှောင် စခန်းများ ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်၍ လည်း စစ်ဘေးရှောင်များ သေဆုံး ဒဏ်ရာရမှုများ မကြာခဏ ဆိုသလို ဖြစ်နေခဲ့ရသည်။ ကရင်နီပြည် တစ်ခုလုံး၌ စစ်ဘေးရှောင် နှစ်သိန်းနှစ်သောင်းကျော် ရှိနေပြီး အများစုမှာ ကျေးလက်ဒေသများ၊ တောတောင်များထဲ၌ စစ်ဘေးရှောင် နေထိုင်နေရသည်။

ဒေါ်စူးမြာ တို့ မိသားစု နေထိုင်သည့် ကျေးရွာလေးမှာလည်း မကြာခဏ လက်နက်ကြီး ပစ်ခတ် ခံရမှုများကို ကြုံနေရသည့် ကျေးရွာ တစ်ခု ဖြစ်သည်။ ပြီးခဲ့သည် လတုန်းက ပင် ဒေါ်စူးမြာတို့ ကျေးရွာရှိ မူကြိုကျောင်းကို လက်နက်ကြီး ပစ်ခတ်မှုများ လာရောက်ထိမှန် သဖြင့် စစ်ဘေးရှောင် လာရောက် နေထိုင်သူ မိသားစု ၉ ယောက် ထိခိုက်ဒဏ်ရာများ ရခဲ့ကြသေးသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ခဲ့ပြီး ကတည်းက ဒေါ်စူးမြာ ကျေးရွာထဲ၌ ည ဘက် အိပ် ဝံ့ ခြင်း မရှိတော့ပေ။ ထို့ကြောင့် နေ့လည် နေ့ခင်း ပိုင်းတွင် အိမ်ယာ လယ်မြေများကို စောင့်ရှောက်ရန် ပြန်လာလိုက် ည အချိန် ဆိုလျင် ရွာအပြင်၌ စစ်ရှောင် သွားရောက် နေထိုင်လိုက် ဖြင့် ဒေါ်စူးမြာ အကြောက်တရားကို ဖြေဖျောက် နေထိုင်ခဲ့သည်။

“ ဘာဖြစ်လို့လဲဆိုတော့ အရင် တစ်လတုန်းကပဲ ကျွန်တော်တို့ရွာ မူကြိုကျောင်းကို လာထိတဲ့အတွက်ကြောင့် အဲ့ဒီမှာနေတဲ့ မိသားစုဝင် ကိုးဦးရှိတယ်။ ကိုးဦးလုံး ထိသွားတဲ့ အခါကျတော့ သူက စိတ်ကြောက်လန့်ပြီး ရွာဘေးမှာပဲ သွားပြန်ရှောင်နေလိုက်တယ်။ သူ အိမ်မှာ မအိပ်ရဲတော့ဘူး။ ဒါပေမယ့် နေ့ခင်းကျတော့ ပြန်လာတယ်။ ညဆိုလို့ ရှိရင် အဲ့ဒီမှာ သွားပြန်အိပ်တယ်” ဟု ဒေါ်စူးမြာ၏ ဆွေမျိုး တစ်ဦးက ပြောသည်။

လွတ်လပ်ရေးနေ့ မတိုင်မီ တစ်ရက် ကဖြစ်သည်။ ဒေါ်စူးမြာ တစ်ယောက် ကျေးရွာထဲသို့ စစ်ကောင်စီ တပ်က လက်နက်ကြီး မကြာခဏ အကြောင်းမဲ့ ပစ်ခတ် တတ်သဖြင့် ရွာ အပြင်၌ စစ်ရှောင် ညအိပ်ရန် ထွက်လာခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေခြင်း မရှိ၍ အခြေအနေက ဒေါ်စူးမြာ တို့ ကျေးရွာ အနီးတစ်ဝိုက်တွင် အခြေအနေများက တည်ငြိမ်နေခဲ့သည်။ ရွာထဲ လက်နက်ကြီး ကျမည် စိုးရိမ်၍ သာ ဒေါ်စူးမြာတို့ မိသားစု ရွာအပြင် စစ်ရှောင်နေထိုင်ရာသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြင့် ညနေပိုင်းလောက်ကတည်းက စစ်ရှောင် နေထိုင်ရာ ရွာပြင်သို့ ဒေါ်စူးမြာတို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဆောင်းရာသီကလည်း အအေးပိုနေခဲ့ပြီး အမှောင်ထုကလည်း ခပ်စောစောပင် ဖုံးလွှမ်းလာခဲ့သည်။

အချိန်က ည ၇ နာရီ ဝန်းကျင်။

“ ကျွီ ….. အုန်း ၊ အုန်း၊ ဝုန်း “
ဒေါ်စူးမြာတို့ မိသားစု စစ်ရှောင် နေထိုင်ရာ နေရာပေါ်သို့ လက်နက်ကြီးများ ပစ်ခတ် ခံရခြင်း ဖြစ်သည်။ အနီးတွင်လည်း စစ်ကောင်စီ တပ်ရင်း တစ်ခုက အထိုင်ချ တပ်စွဲထားသည်။ လက်နက်ကြီး ပစ်ခတ်မှုများကလည်း ထိုနေရာမှပင် လာခြင်း ဟု ရွာခံများက ယူဆကြသည်။

“ အခုက တိုက်ပွဲ ဖြစ်တာတော့ မဟုတ်ဘူး။ ရမ်းသမ်းကို ပစ်ခတ်လာတာ။ လက်နက်ကြီးတွေပဲ အရမ်းပတမ်း ထုလာလို့ သူတို့ စစ်ဘေးရှောင်တဲ့ နေရာမှာ သူတို့ကို သွားထိတယ်။ အဲ့ဒီလိုမျိုးပေါ့။ “ ဟု ရွာခံ တစ်ဦးပြောပြီး ဆက်လက်၍ ၎င်းက “ ကျွန်တော့် အနေနဲ့ခါကျတော့ ဒီ ၁၀၂ တပ်ကပဲ ပစ်လာတယ်လို့ ယူဆထားတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အတိအကျ မသိဘူးလေနော့ “ ဟု ဆိုသည်။

လက်နက်ကြီးကျည်များက ဒေါ်စူးမြာတို့ မိသားစု စစ်ရှောင် နေထိုင်ရာ ပေါ်သို့ တဲ့တဲ့ ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ လက်နက်ကြီး ပစ်ခတ် ခံရမည် စိုး၍ ရွာပြင်ထွက် နေထိုင်ခဲ့သော်လည်း ဒေါ်စူးမြာ တစ်ယောက် လွတ်မြောက်ခဲ့ခြင်း မရှိတော့ပေ။

ကျရောက်လာသည့် လက်နက်ကြီး ကျည်များက ဒေါ်စူးမြာကို သွားရောက် ထိမှန်သည်။ ခြေထောက် တစ်ချောင်း ပေါင်အရင်းမှ ပြတ်ထွက် လုမတတ် ဖြစ်သွားခဲ့သည်။ ဆီးခုံ အပါအဝင် ခါးအောက်ပိုင်းတွင်လည်း ဒဏ်ရာများက အများအပြား၊ သွေးများက ရွှဲနစ်နေသည်။

ဒေါ်စူးမြာ၏ ကျန်းမာရေး မကောင်းရှာသည့် ခင်ပွန်းဖြစ်သူက ရွာထဲ သို့ အပြေးအလွှား အကူအညီ သွားရောက် တောင်းခံခဲ့သေးသည်။ သို့သော် နာကျဉ်မှု ဒဏ်ကို ပြင်းထန်စွာ ခံစားရင်း ဖြင့် မိနစ်ပိုင်းခန့်အကြာတွင် ဒေါ်စူးမြာ ဆုံးပါးသွားခဲ့ရလေသည်။

“ ဘယ်လို ထိခိုက်တာလဲ ဆိုတော့ သူ့ ပေါင်တည့်တည့်ကို လာထိသွားတယ်။ အဲ့ဒီလိုမျိုးပေါ့။ သူ့ ပေါင်ကြီးက ပြတ်လုမတတ်ကို ဖြစ်သွားတယ်။ အဲ့ဒီလိုမျိုးပေါ့။ ဆီးအုံတွေဘာတွေ အကုန်လုံးကို ထိသွားတဲ့ အခါကျတော့ သူဟာ မိနစ်ပိုင်းပဲ၊ နာရီဝက်တောင် မရှိဘူး။ အသက် ဆုံးရှုံးသွားရတယ်ပေါ့နော်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုမျိုး အရမ်းပတမ်း ထုလာခါကျတော့ ဒီ စစ်ကောင်စီတွေလို့ပဲ ယူဆတယ်ပေါ့နော်” ဟု ရွာခံ တစ်ဦးက ဒေါ်စူးမြာ ခံစားခဲ့ရသည့် ဝေဒနာ အကြောင်းကို ပြန်ပြောင်း ပြောပြသည်။

ကြောက်၍ ရှောင်လာခဲ့ကာမှ ကြမ္မာဆိုးကို ဒေါ်စူးမြာ ကြုံတွေ့ခဲ့ရသည်။ ကျန်ရစ်ခဲ့သည့် သားငယ်နှင့် နေထိုင် မကောင်းသည့် ခင်ပွန်းတို့အတွက် ဒေါ်စူးမြာ စိတ်ဖြောင့်ဖြောင့် ထွက်သွားနိုင်ခဲ့မည် ဆိုသည်ကိုကား မသိနိုင်တော့ပေ။

“ သူ့သားငယ်က တစ်ယောက်ကလည်း ငယ်သေးတယ် ဆိုတော့ ဘယ်လို ပြောရမတုန်း သူ့ ယောကျာ်းကလည်း ကျန်းမာရေး မကောင်းဘူး။ အဲ့ဒီလို ဖြစ်တဲ့ အခါကျတော့ ဒီနောက်မှာ ပြုစု စောင့်ရှောက်မယ့် သူ မရှိတော့ဘူးပေါ့နော်။ အိုးအိမ်တွေကို စောင့်ရှောက်မယ့်သူ မရှိတော့ဘူး။” ဟု ရွာခံ တစ်ဦးက ဆိုသည်။

ဒေါ်စူးမြာ တို့၏ ကျေးရွာ အပြင်က စစ်ရှောင်နေထိုင်ရာ နေရာလေး လက်နက်ကြီး ဒဏ်သင့်ခဲ့ပြီးနောက် ကျေးရွာအတွင်း၌ လည်း နေထိုင်သူ မရှိသလောက် ဖြစ်သွားခဲ့တော့သည်။ ကျေးရွာမှာလည်း ယခင်ကတည်းက စစ်ရှောင်လာသူ အများအပြားက ရှိနေခဲ့သည်။

၎င်းတို့သည်ကား တစ်နေရာမှ တစ်နေရာ စစ်ရှောင် လာခဲ့ကြသည်မှာ နေရာပေါင်း မနည်းတော့။ ယခုတစ်ဖန်လည်း မလုံခြုံတော့ သဖြင့် ထပ်မံ ရွှေ့ပြောင်း ထွက်ပြေးရပြန်လေပြီ ဖြစ်သည်။

ရွှေ့ပြောင်းသည်ဟု ဆိုသော်လည်း သူတို့အတွက် လုံခြုံမှုကို တော့ မခံစားကြရရှာပေ။ လက်နက်ကြီးသံ ကြားသည်နှင့် ကတုတ်ကျင်းသည်သာ သူတို့အတွက် တစ်ခုတည်းသော အားကိုးရာ ဘ၀ အခြေအနေမျိုးပင် ဖြစ်သည်။

“ အခု ကျွန်တော်တို့အတွက် လုံခြုံမှု ရှိဖို့ဆိုတာ ကျွန်တော်တို့က ဘယ်လို ပြောရမတုန်း။ အခုက ရှောင်တဲ့ နေရာကလည်း များနေပြီ။ မိသားစုဝင်တွေလည်း တစ်ယောက် တစ်နေရာစီ အကုန်လုံး။ အဲ့ဒီလိုမျိုးကွဲတယ်။ တစ်စုတစ်စည်းတည်း မနေရဘူး။ အဲ့ဒီလိုမျိုး ဖြစ်နေတဲ့ အခါကျတော့ အကုန်လုံးက စစ်ဘေးရှောင်မှာပဲ သွားနေကြတယ်ပေါ့။ ဒါပေမယ့် ရွာခါကျတော့ ကျွန်တော်တို့ ယောကျာ်းသားတွေ၊ အမျိုးသားတွေ နည်းနည်းပါးပါး တစ်ယောက်တစ်လေ ပြန်နေကြတယ်။ အိမ်ပြန်စောင့်ဖို့ အဲ့ဒီလိုပေါ့။ မလုံခြုံဘူး။ လုံး၀ မလုံခြုံဘူး။ အသံကြားပြီ ဆို ကျွန်တော်တို့ ကတုတ်ကျင်းထဲကို အကုန်လုံး ဝင်နေကြတယ် “ ဟု ရွာခံ တစ်ဦးက သူတို့၏ ကျီးလန့်စာ စားနေရသည့် ဘ၀ အကြောင်းကို ပြောပြသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီကို တွန်းလှန်နေသည့် တိုက်ပွဲများစွာ ဖြစ်ပွားနေခဲ့သည်မှာ နှစ်နှစ် ပင် ပြည့်တော့မည်ဖြစ်သည်။ ထိုကာလအတွင်း ကရင်နီပြည်၌ အရပ်သား သုံးရာနီးပါး သေဆုံးခဲ့ရပြီး ၁၂၀ ဦးကျော်မှာ ဒေါ်စူးမြာကဲ့သို့ စစ်ရှောင်နေထိုင်ရင်း သေဆုံးခဲ့ရသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် နွေဦးရောင်ခြည် ထွန်းလာရေး တော်လှန်ရေး အင်အားစုများက အသက်စွန့် ကြိုးးပမ်းနေခဲ့သည်။ လက်နက်အင်အား မမျှ သော်လည်း သူတို့ ခုခံ ကာကွယ်နေကြတုန်းပင်။

စစ်ကောင်စီ ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုများ အင်အားအဆမတန် သုံးလာသည့်အပြင် ယခု ဖြစ်စဉ်ကဲ့သို့ လက်နက်ကြီး အကြောင်းမဲ့ ပစ်ခတ်သည့် ဖြစ်စဉ်များကလည်း စစ်ဘေးရှောင်များအတွက် ကြီးမားသည့် ဘေးအန္တာရာယ်များ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ သာမက စစ်ဘေးရှောင်များအတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုလည်း ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်။

“ ကျွန်တော်ပြောချင်တာက နောက်နောင် ဒီလို လက်နက်ကြီးကို တိုက်ပွဲ မဖြစ်ဘဲနဲ့ ဒီလိုမျိုး လာမပစ်ခိုင်းစေချင်ဘူး။ ပြီးတော့ ဘာဖြစ်လဲဆို ကျွန်တော်တို့ကို မထိရင်တောင်မှ ကျွန်တော်တို့ လက်နက်ကြီးသံ ကြားတာနဲ့ ကျွန်တော်တို့က စိတ်အရကော လူကောပါ ပေါ့နော်။ အဲ့ဒီလိုမျိုး ထိခိုက်နိုင်တယ်။ ဥပမာ ကလေးသူငယ်ရော၊ သက်ကြီးရွယ်အိုရော၊ မိခင်တွေရော အကုန်လုံး ကြောက်လန့်နေကြတဲ့ အခါကျတော့ စိတ်ရောဂါတွေလည်း ဖြစ်စေနိုင်တယ်။ “ ဟု ဒေါ်စူးမြာတို့ ကျေးရွာ ဒေသခံ တစ်ဦးက ဆိုသည်။

သို့သော်လည်း လက်နက်ကြီး ပစ်ခတ်ခံရမှုများကတော့ ဒေါ်စူးမြာ၏ ရုပ်ကလာပ် မြေချစဉ်ကလည်း ဖြစ်ခဲ့သည်။ ယမန်နေ့ကလည်း ဖြစ်ခဲ့သည်။ ယနေ့တိုင်လည်း ရှိနေတုန်းပင် ဖြစ်သည်။

ဓာတ်ပုံ- Union OF Karenni State Youth-UKSY
ပုံစာညွှန်း- ဒေါ်စူးမြာ၏ဈာပနမြင်ကွင်း
မှတ်ချက် ။ ။ Union OF Karenni State Youth-UKSY တွင်ဖော်ပြထားသည့် တွေ့ဆုံမေးမြန်းခန်းအား ဆောင်းပါးအဖြစ် ပြန်လည်ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကရင်နီပြည် #လက်နက်ကြီး #ဒေါ်စူးမြာ #ဆောင်းပါး