တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ခရီးသည်တင်ယာဉ်များ ကြားအင်ဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းကို ၈ ရက်ကြာ အသုံးမပြုရန် ဒူးပလာခရိုင် မေတ္တာရပ်ခံ

Author လင်းခိုင်
Categories
Published on Jan 15, 2023

 

တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ခရီးသည်တင်ယာဉ်များ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းကို ၈ ရက်ကြာ အသုံးမပြုရန် ဒူးပလာခရိုင်က ယနေ့တွင် ထုတ်ပြန်ထားသည်။

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့၊ နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူများအတွက် အလွန်အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းတွင် ခရီးသွားယာဉ်များ ဇန်နဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ လုံး ၀သွားလာခြင်းမပြုရန် ဒူးပလာခရိုင်၊ အတွင်းရေးမှူး စောလစ္စတန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကုန်း ၂ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူ အကြိမ် ၃၀ ထက်မနည်း ရယူခဲ့ပြီး၊ စစ်သား ၉၀ ခန့်သေဆုံးခဲ့ကာ၊ တော်လှန်ရေးရဲဘော် ၁၀ ဦးခန့် ကျဆုံးခဲ့သည်။

ဇန်နဝါရီ ၄ ရက်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီ တပ်ရင်းသုံးခုဖြစ်သည့် ခလရ ၂၈၃၊ ခလရ ၂၈၄ နှင့် ခလရ ၃၂ တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၅ ဦးသေဆုံးကာ၊ တော်လှန်ရေးရဲဘော် ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ သေဆုံးသူများထဲတွင် တပ်မ ၂၈၄ ယာယီတပ်ရင်းမှူး မင်းမောင်မောင်ဟိန်းသေဆုံးခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကြာအင်းဆိပ်ကြီး #ဘုရားသုံးဆူ #လမ်းပိုင်း