ကန့်ဘလူတွင် ကလေးငယ်သုံးဦးအပါအဝင် NLDပါတီထောက်ခံသူ၈ဦး သတ်ဖြတ်ခံရ

Author ခေတ်နီ
Categories
Published on Jan 15, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကလေးငယ်သုံးဦး အပါအဝင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသည့် မိသားစုဝင် ၈ ဦး နေအိမ်တွင် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကန့်ဘလူမြို့နယ် ငါးမြောင်ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက အသက်မပြည့်သေးသည့် ၅ နှစ်ရွယ် ၊၁၂နှစ်အရွယ်နှင့် ၁၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် မိသားစုဝင် ၈ဦး သတ်ဖြတ်ခံရတာကြောင့် သေဆုံးခဲ့တာပဲ ဖြစ်သည်။

အသတ်ခံရသည့် မိသားစုဝင်များသည် အသက် ၇၀ အရွယ် ဦးကျော်လှိုင်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်မဲညွန့်၊ အသက် ၄၂ အရွယ်ဖြစ် ဒေါ်နှင်းမြလှိုင်၊အသက် ၄၅ နှစ်အရွယ် ကိုတင်မျိုးဝင်း၊ အသက် ၄၀ အရွယ် မနှင်းမြခိုင်နှင့် အသက်၁၅နှစ်အရွယ် မစုမြစံ၊အသက် ၁၂ နှစ်အရွယ် မရွှေဘုံစံနှင့် အသက်၅ နှစ်အရွယ် မောင်ခန့်ဇေယျာမျိုး  တို့ ဖြစ်​ပြီး ဇန်နဝါရီလ ၁၄ ရက် မနက် ၁ နာရီခွဲဝန်းကျင်ခန့်မှာ လည်ပင်းလှီးပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့တာပဲ ဖြစ်သည်။

ထိုသို့ သတ်ဖြတ်ခံရသည့် မိသားစုဝင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထောက်ခံသူများ ဖြစ်ပြီး နေအိမ်၌ ရပ်/ကျေး NLD ပါတီရုံးဖွင့်လှစ်ထားကာ ၎င်းတို့အား အဆိုပါဒေသတွင် အားကောင်းသည့် ပျူစောထီးအဖွဲ့များမှ သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုထားသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

” ငါးမြောင်ဆိုတာက တရွာလုံးပျုရွာလို့တောင်ပြောလို့ရတယ် ပျူစောထီးအား အရမ်းကောင်းတယ် အဲ့အိမ်က အဲ့ရွာမှာ တစ်အိမ်တည်း NLDထောက်ခံတဲ့အိမ်ပေါ့ ပြီးတော့သူတို့အိမ်မှာလဲ NLDရပ်၊ကျေးရုံးဖွင့်ထားတယ် အဲ့တာမို့ သတ်ခံရတာပဲ ဖြစ်လိမ့်မယ်”ဟု ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက် ထိုနေအိမ်ရှိ တန်ဖိုးကြီး လက်ဝတ်ရတနာများအပြင် ငွေများကိုပါ သတ်ဖြတ်သူများမှယူ ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး ငါးမြောင်လမ်းခွဲ၌ စည်းစိမ်တိုးအမည်ဖြင့် စက်သုံးဆီ ရောင်းဝယ်ရေးဆိုင် ဖွင့်ထားသည့် ဦးကျော်အောင်နှင့် ဒေါ်မြင့်ကြည်တို့ကို စစ်ကောင်စီနှင့် ပျူစောထီးများက ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နေ့ကလည်း ယခုဖြစ်စဥ်ကဲ့သို့ပင် လည်ပင်း အား ဓားဖြင့် မွှမ်းကာ သတ်ဖြတ်ခဲ့ဖူးပြီး ငွေကျပ် ရှစ်သိန်း၊ ဆိုင်ကယ်တစ်စီး၊ နားကပ်တရံအပြင် ဓာတ်ဆီပုံးများ၊ အစားအသောက်များကိုပါ ယူဆောင်သွားခဲ့သည်။