ကန့်ဘလူတွင် မင်းအောင်လှိုင်၏ ရဲဗလဆုက ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် နေအိမ်တွင်း အထိုင်ချနေသော စစ်တပ်၏ ဘန်ကာ တိုက်ခိုက်ခံရ

Author ခေတ်နီ
Categories
Published on Jan 14, 2023

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် မင်းအောင်လှိုင်၏ ရဲဗလဆုရရှိထားသည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးအောင်နိုင်သူ၏ နေအိမ်အတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်၏ ဘန်ကာအား ဒေသကာကွယ်ရေးတပ်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးရင်းမြစ်များထံမှ သိရသည်။

ကန့်ဘလူမြို့နယ် ကာဘိုးရွာထိပ်ရှိ ဦးအောင်နိုင်သူပိုင် ရဲမာန်ကိုယ်ပိုင်ကျောင်းတွင် အထိုင်ချကာ စစ်ဆေးရေးများ လုပ်ဆောင်နေသည့် စစ်‌ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့၏ ဘန်ကာဂိတ်အား ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ညပိုင်းမှာ Kanbalu Underground Warriors နှင့် မြေပြင်လှုပ်ရှားညီနောင်များ မှ ၁၂၀ မမ ( ၄ ) လုံးဖြင့် သွား‌ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

“သေဆုံးကတော့ အတည်မပြုနိုင်သေးဘူးဗျ၊ သူတို့တွေနေတဲ့ ဘန်ကာပေါ် လက်နက်ကြီး တည့်တည့်ကျတယ်လို့တော့ သိရတယ်” ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိမရှိကိုတော့ လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။

‌ရဲမာန်ကိုယ်ပိုင်ကျောင်းသည် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ဦးအောင်နိုင် ထူထောင်ထားသည့် ကျောင်းဖြစ်ပြီး ၎င်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ချီးမြှင့်ထားသည့် ရဲဗလဘွဲ့ နှင့် ရွှေ ၂ ကျပ်သားဆု ရရှိထားသူဖြစ်ကြောင်း စာသင်ကျောင်းအတွင်း စာသင်ကြားနေသည့် ကျောင်းသားများ မရှိဘဲ စစ်ကောင်စီတပ်သားများသာ တပ်စခန်းချထားသည့် နေရာဖြစ်ကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ကာဘိုးရွာ #ရဲဗလ