ပုလဲ ပအဖ၊ ပကဖထံ အလင်းဝင်လာသည့် စစ်ကောင်စီဘက်သား ၆ဦးထိ ရှိလာ

Author လင်းခိုင်
Categories
Published on Jan 14, 2023

 

စစ်ကောင်စီတပ်သား တစ်ဦး လက်နက်အပြည့်အစုံဖြင့် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်း၀င်ရောက်ခဲ့ကြောင်း ပုလဲ ပအဖက ယနေ့ ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် စစ်သားသည် တပ်ရင်း ပညရ (၁၁)မှ ကိုကျော်ငြိမ်းလင်းဆိုသူဖြစ်ပြီး၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ဂုဏ်ပြုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုလဲမြို့နယ် ပြည်သူများကလည်း စုပေါင်းပြီး ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း၃၀ ထပ်မံပေးအပ်သဖြင့် တပ်သား ကိုကျော်ငြိမ်းလင်းသည် ဂုဏ်ပြု ချီးမြှင့်ငွေ ကျပ်သိန်း ၈၀ ရရှိခဲ့သည်။

“ကိုကျော်ငြိမ်းလင်းက ဇန်နဝါရီ ၄ ရက်မှ လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်လာတာဖြစ်ပါတယ်။ ပုလဲမြို့နယ်၊ ပအဖနဲ့ ပကဖထံ အလင်း၀င်လာတဲ့ ဦးရေက CDM ရဲတစ်ဦးနဲ့ စစ်သား ၅ ဦးအထိရှိပါပြီ” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက CJ Platform သို့ပြောကြားသည်။

CDM တပ်သား ကျော်ငြိမ်းလင်းနှင့်အတူ MA 1 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၇၄တောင့်၊ ဗုံးသီး ၁လုံးနှင့် ကျည်ကာ ၁ ထည်ပါရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီလက်အောက် တာဝန်မထမ်းတော့ဘဲ CDMလုပ်လာမယ့် စစ်သား၊ရဲတွေကို နွေးထွေးစွာကြိုဆိုနေပါတယ် နေထိုင်စားသောက်ရေးအတွက်လည်း အစွမ်းကုန်ကူညီပါ့မယ်။CDMလုပ်ချိန်လည်းတန်နေပြီ ကိုယ့်သမိုင်းလှဖို့ ကိုယ့်မျိုးဆက်သမိုင်းလှဖို့ ဒီလူသတ်၊ရွာတွေကိုမီးရှို့နေတဲ့ စစ်ကောင်စီလက်အောက်ကနေ အမြန်ရုန်းထွက်ပြီး ပြည်သူ့ဘက်ကိုရပ်ခဲ့ပါလို့ အမှာစကားပြောချင်ပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်နေသည့် စစ်သားများနှင့် ရဲတပ်သားများအနေဖြင့် နွေဦးတော်လှန်ရေး ပြည်သူများနှင့်အတူ ရဲရင့်ပြတ်သားစွာ ပူးပေါင်းပါ၀င်ရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ-ပုလဲ ပအဖ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုလဲ #CDM #ပအဖ #ပကဖ