စစ်ကောင်စီ၏ မဲဝိုင်စခန်းကို ဗုံးအလုံးရေ တစ်ထောင်ကျော်ဖြင့် တိုက်ခိုက်၊ စစ်ကောင်စီဘက်က တပ်ခွဲမှူး တစ်ဦးအပါအ၀င် ၉ ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Jan 14, 2023

 

စစ်ကောင်စီ၏ မဲဝိုင်စခန်းကို တစ်လကျော်အတွင်း ဗုံးအလုံးရေ တစ်ထောင်ကျော်ဖြင့် KNU/KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က တပ်ခွဲမှူး တစ်ဦးအပါအ၀င် ၉ ဦးသေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသ သတင်းနှင့် ပြန်ကြားရေးက ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီ၏ မဲဝိုင်းစခန်းကို KNU/KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မျးက နေ့စဉ်တိုက်ခိုက်လျက်ရှိရာ စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများသဖြင့် လေကြောင်းအသုံးပြုပြီး အရပ်သားများနေထိုင်ရာသို့ တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲဝိုင်စခန်းကို ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ FFD အဖွဲ့များက ဒရုန်းဖြင့် နေ့စဉ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အလုံးပေါင်း တစ်ထောင်ကျော်ပြီ ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်နှင့် ၇ရက်နေ့တွင် မဲဝိုင်စခန်းအတွင်းသို့ ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ၁ ဦး၊ အရာခံဗိုလ် ၁ ဦးအပါအ၀င် ၉ ဦးသေဆုံးခဲ့ကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

“မြေပြင်မှာ သူယှဉ်ကိုယ်ယှဉ်ပစ်ရင် သိမ်းနိုင်တာကြာပြီ၊ လေယာဉ်တွေလာပစ်တာကြောင့် တစ်၀က်လောက်ပဲ သိမ်းပြီးပြန်ဆုတ်ခဲ့ရတယ်။ စခန်း၀င်သိမ်းတော့ တပ်ခွဲမှူးအဆင့်ရှိတဲ့သူက အရက်ထိုင်သောက်နေတော့ သေနတ်နဲ့ပြစ်ပြီး သူ့ရဲ့ ပစ္စတိုယူလာခဲ့တယ်” ဟု စစ်ဆင်ရေးတွင် ပါ၀င်ခဲ့သည့် တပ်ဖွဲ့၀င်တစ်ဦးကပြောကြားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ စခန်းသိမ်းတိုက်ပွဲမဖော်ဆောင်ခင် Drone ဖြင့် စာများချကာ လက်နက်ချ ပူးပေါင်းအညံ့ခံရန် ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် စခန်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရန်အတွက် KNLA ဦးဆောင်ပြီး FFD , BPLA နှင့် PDF တပ်ဖွဲ့၀င်များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ် ၈ စီးအသုံးပြုတိုက်ခိုက်ခဲ့သည့်အတွက် စခန်းအား သိမ်းဆည်းနိုင်ခြင်းမရှိသေးကြောင်း၊ စစ်တပ်ဘက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး၊ မယောစစ်ကောင်စီစခန်းမှလည်း ၁၂၂ မမဖြင့် အကြိမ် ၂၀ ထက်မနည်း အရပ်သားပြည်သူများကို ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့သည်။

မဲဝိုင်စခန်းသိမ်းတိုက်ပွဲသည် လက်ရှိအချိန်ထိပြင်းထန်နေပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှ ၆ ဦးကျဆုံးခဲ့ပြီး ၂၀ ၀န်းကျင်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းစခန်းသည် စစ်ကောင်စီ၏ အရေးပါသော ခြေကုန်စခန်းတစ်ခုဖြစ်ပြီး အင်အား ၈၀ ၀န်းကျင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ-တောင်ပိုင်းတိုင်းစစ်ဒေသတင်းနှင့် ပြန်ကြားရေး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မဲဝိုင်စခန်း #တောင်ပိုင်းတိုင်းဒေသ