စစ်ကောင်စီ၏ ဟန်ပြ ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် တော်လှန်ကြရန် ချင်းတွင်းဂဠုန်ရာဇာ မေတ္တာရပ်ခံ

Author မွန်လေး
Categories
Published on Jan 14, 2023

 

စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် တော်လှန်ကြရန် ချင်းတွင်းဂဠုန်ရာဇာ တော်လှန်ရေးအဖွဲ့က မေတ္တာရပ်ခံချက်ကို ဇန်နဝါရီ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် တော်လှန်ရေး ခရီးကြမ်းလျှောက်လာသည်မှာ ၂ နှစ်ပြည့်တော့မည်ဖြစ်ပြီး၊ ရောင်နီကိုလဲ မြင်နေရပြီဖြစ်ကြောင်း၊ အာဏာသိမ်း သမိုင်းတလျှောက် ပြည်သူလူထုညီညွတ်မှုသည် ယခုအကြိမ် အကြီးမားဆုံး ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်သူလူထုတရပ်လုံး ညီညွတ်မှုရလာဒ်အနေဖြင့် စစ်ကောင်စီကို နိုင်ငံတကာမှ အသိအမှတ်မပြုပဲ လက်ရှိချိန်ထိ ကန့်ကွက်ခံနေရဆဲဖြစ်ကြောင်း၊ စစ်ကောင်စီသည် ချောင်ပိတ်ရိုက်ခံရသည့် ခွေးကဲ့သို့ မဲမဲမြင်ရာ အပစ်မဲ့ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေသည်ဟု ချင်းတွင်းဂဠုန်ရာဇာက ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက် တစ်ခုအနေဖြင့် ယင်းတို့ကြီးဆိုးရာ နယ်မြေများတွင် အတင်းအဓမ္မ သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲအကောင်အထည်ဖော်ရန်ကြိုးစားလာခြင်းဖြစ် သည်ဟု ချင်းတွင်းဂဠုန်ရာဇာက ပြောကြားသည်။

ကျေးလက်နေပြည်သူများသည် လက်သုံးချောင်းထောင်ပြီး စစ်ကောင်စီကို ဆက်လက်တော်လှန်နေဆဲဖြစ် ကြောင်း၊ စစ်ကောင်စီကြီးစိုးထားသည့် မြို့ပြဒေပြည်သူများအနေဖြင့် “ဆိတ်သားချိတ်ပြီး ခွေးသားရောင်းသည့်” ဟန်ပြ ရွေးကောက်ပွဲကို နည်းမျိုးစုံတော်လှန်ကြရန် ချင်းတွင်းဂဠုန်ရာဇာက မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအထမြောက်သည်နှင့် ပေးဆပ်ခဲ့သည့် အာဇာနည်များ၏ သွေးများ၊ အညာမြေရှိ ပြာပုံများသည် အလကားသက်သက်ဖြစ်သွားမည်ဖြစ်သည့်အတွက် ရသည့်နည်းဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး၊ တစ်နိုင်ငံလုံးရှိ ပြည်သူများမှ ကန့်ကွက်ကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ-လူမှုကွန်ယက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ချင်းတွင်းဂဠုန်ရာဇာ #ရွေးကောက်ပွဲ