တော်လှန်ရေးကို ရှေးရှုပြီး နိုင်ငံ၀န်ထမ်း CDM Policy ကို အမြန်ဆုံး ဆုံးဖြတ်အတည်ပြုရန် NUG နှင့် CRPH အား အဖွဲ့အစည်း ၁၄ ဖွဲ့မှ တောင်းဆို

Author မွန်လေး
Categories
Published on Jan 12, 2023

 

တော်လှန်ရေးကို ရှေးရှုပြီး နိုင်ငံ၀န်ထမ်း CDM Policy ကို အမြန်ဆုံးဆုံးဖြတ်အတည်ပြုရန် NUG နှင့် CRPH အား CDM ပြုလုပ်ထားသည့် အဖွဲ့အစည်း ၁၄ ခုမှ ပူးတွဲတောင်းဆိုချက်ကို ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ တိုင်းပြည်အာဏာကို မတရားသိမ်းခဲ့သဖြင့်၊ အကြမ်းမဖက်သော အာဏာဖီဆန်လှုပ်ရှားမှု (CDM) ကို နိုင်ငံ၀န်ထမ်းများက ဦးဆောင်သည့် လှုပ်ရှားမှုသည် တော်လှန်ရေးတပ်ဦးအဖြစ် အရှိန်အဟုန်ကောင်းစွာဖြင့် ပေါ်ထွက်ခဲ့ပြီး၊ ယနေ့အချိန်ထိ အားကောင်း ခိုင်မာနေဆဲ ဖြစ်သည်မှာ ငြင်းပယ်မရသော အမှန်တရားဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDM လှုပ်ရှားမှု၏ ထိရောက်မှုကြောင့် စစ်ကောင်စီသည် CDM နိုင်ငံ၀န်ထမ်းများကို အငြိုးတကြီး ဖမ်းဆီးအရေးယူခြင်း၊ လူမဆန်စွာသတ်ဖြတ်ခြင်းများ ဆောင်ရွက်ကာ CDM လှုပ်ရှားမှုပြိုလဲစေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီ၏ CDM ၀န်ထမ်းများအပေါ် ဖိနှိပ်မှုတွင် အလိုတူအလိုပါ ပါ၀င်ဆောင်ရွက်နေသည့် Non CDM လုပ်ဆောင်ချက်များသည်လည်း ပိုမိုဆိုးရွာလာသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Non CDM များ၏ စစ်ကောင်စီအလိုကျ ဖိနှိပ်မှုများသည် လူ့အခွင့်အရေးချိုးဖောက်နေရုံသာမက ၊ စစ်အုပ်စုနည်းတူ ရာဇ၀တ်မှုများကျူးလွန်နေကြောင်း သက်သေ၊ သာဓကများစွာရှိနေပြီဖြစ်သဖြင့်၊ CDM ၀န်ထမ်းများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာများအတွက် ထိရောက်သော ကူညီပံ့ပိုးမှုများ ပေးအပ်ရန် ပြည်သူလူထုကို တိုက်တွန်းလိုပြီး၊ NUCC, NUG, CRPH တို့အနေဖြင့် နိုင်ငံ၀န်ထမ်း CDM Policy ကို တော်လှန်ရေးရှေးရှု့ပြီး အမြန်ဆုံး အတည်ပြုပေးရန် တိုက်တွန်းထားသည်။

CDM ၀န်ထမ်းများအပေါ် စစ်ကောင်စီအလိုကျ ဖိနှိပ်မှုများပြုလုပ်နေသည့် Non CDM ၀န်ထမ်းများကို တော်လှန်ရေးအစုအဖွဲ့များနှင့် ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဆန်ကျင်သွားမည်ဖြစ်ကာ ဖိနှိပ်မှုများ ထပ်မံကျူးလွန်လာပါက ပိုမိုထိရောက်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ပူးတွဲတောင်းဆိုချက်တွင် ဖော်ပြထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CDM #CDMပေါ်လစီ #NUG #CRPH