ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်သူ မည်သူမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု CNDF ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Jan 12, 2023

 

ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်သူ မည်သူမဆို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(CNDF) က ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၆ ရက်မှ ၉ ရက်နေ့အထိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ စစ်ဌာနချုပ်ရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အစည်းအဝေး၌ တပ်မဟာ ၄ ခုနှင့် စစ်ဌာနချုပ်ရုံး၏ တာ၀န်ခွဲဝေယူမှုများ၊ နယ်မြေသတ်မှတ်ခြင်းများ၊ ငွေကြေးစီမံမှုဆိုင်ရာ ပေါ်လစီများ၊နေ့ထူးနေ့မြတ် သတ်မှတ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

ယင်းအပြင် လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ အိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်စီးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ တရား၀င်အစိုးရဖြစ်စေရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင် ပြုလုပ်ခြင်းမရှိစေရန် CNDF က အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ တားမြစ်ထားသည့် ကြားမှ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အထိမြောက်စေရန် ကူညီမည့် မည်သည့် ပုဂ္ဂိုလ်မျိုးမဆို CNO/CNDF မှ ပြင်းထန်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

CNO/CNDF အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ အဆုံးထိ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ-Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CNO #CNDF #ရွေးကောက်ပွဲ #ဖလမ်းမြို့နယ် #အထက်ချင်းတွင်းဒေသ