ထွန်းမင်းလတ် မူးယစ်ဆေးဝါး ဖမ်းဆီးခံရမှုတွင် မင်းအောင်လှိုင် မိသားစုပိုင်ပ စ္စည်းများကိုပါ ထိုင်းနိုင်ငံက ဖမ်းဆီးရမိခဲ့ဟု Justice for Myanmar ဆို

Author လင်းခိုင်
Categories
Published on Jan 11, 2023

 

ထွန်းမင်းလတ် မူးယစ်ဆေးဝါးဖမ်းဆီးခံရမှုတွင် မင်းအောင်လှိုင် မိသားစိုပိုင် ပစ္စည်းများကိုပါ ထိုင်းနိုင်ငံက ဖမ်းဆီးရမိခဲ့သည်ဟု Justice for Myanmar က ယနေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် ယင်း၏ အဖွဲ့ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်က မူးယစ်ဆေးဝါးဖြန့်ချီမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရာတွင် စစ်ကောင်စီ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည် ကွန်ဒိုးခန်းတစ်ခု၏ ပိုင်ဆိုင်မှု အထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထွန်းမင်းလတ်အား ထိုင်းရဲများမှ ဖမ်းဆီးစဉ် မင်းအောင်လှိုင် သားနှင့် သမီးတို့၏ ပိုင်ဆိုင်မှုများကို ယင်း၏ လက်၀ယ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု Justice for Myanmar က ဆိုထားသည်။

ထွန်းမင်းလတ်နှင့် မင်းအောင်လှိုင်၏ သားနှင့်သမီးတို့ ဆက်နွယ်နေသည်ကို ထိုင်းနိုင်ငံက သိရှိထားသော်လည်း ယင်းတို့ကို စုံစမ်းစစ်ဆေးမှုများ တိုးချဲ့ လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်ကို ကြည့်ပါက မြန်မာစစ်တပ်၏ အကြီးတန်းမိသားစု၀င်များသည် ထိုင်းဘဏ်များကို အသုံးပြုခွင့် ရရှိနေခြင်းဖြစ်ကာ၊ စစ်တပ်၏ တရားမ၀င်ငွေများကို သိုဝှက်ထားရန် နေရာတစ်ခုအဖြစ် ရှိနေသည်မှာ ထင်ရှားပေါ်လွင်သည့် အထောက်အထား ဖြစ်ကြောင်း ၊ ထိုင်းအာဏာပိုင်များအနေဖြင့် မင်းအောင်လှိုင်၏ သားနှင့် သမီးတို့ကို ထိုင်းဥပဒေ ချိုးဖောက်ထားသည့် ထွန်းမင်းလတ်၏ ရာဇ၀တ်မှုများမှ အကျိုးအမြတ်ရရှိခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးရန်နှင့် ပိုင်ဆိုင်မှုများကို ပိတ်ပင်တားဆီးရန် Justice for Myanmar က တောင်းဆိုထားသည်။

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် အိမ်၊ ခြံမြေ၊ ငွေ၊ ကား၊ တန်ဖိုးကြီးနာရီနှင့် နာမည်ကြီး တံဆိပ်လက်ကိုင်အိပ်များအပါအ၀င် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထွန်းမင်းလတ်ကို အမြင့်ဆုံးပြစ်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိအပြစ်ပေးနိုင်သည့် မူးယစ်ဆေးဝါးရောင်း၀ယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဖြင့် ထိုင်းနိုင်ငံအစိုးရက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စွဲချက်တင်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ထွန်းမင်းလက် #မူးယစ်မှောင်ခို #လက်နက်ပွဲစား #မင်းအောင်လှိုင်မိသားစု