ထိုးအား အဆမတန်လျော့ကျသွားသည့် စစ်ကောင်စီထီ ထီကိုယ်စားလှယ်များ သတ်မှတ်ချက်အတိုင်း မဆောင်ရွက်ပါက ထီစာအုပ် ၀ယ်ယူရရှိသူစာရင်းမှ ပယ်ဖျက်မည်ဟုဆို

Author မွန်လေး
Categories
Published on Jan 11, 2023

 

ထိုးအား အဆမတန်လျော့ကျသွားသည့် စစ်ကောင်စီထီ ထီကိုယ်စားလှယ်များ သတ်မှတ်ချက်အတိုင်း မဆောင်ရွက်ပါက ထီစာအုပ်၀ယ်ယူရရှိသူစာရင်းမှ ပယ်ဖျက်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားသည်။

ထီလုပ်ငန်းရှင်ဟောင်းများသည် ကျပ် ၁၀၀၀ တန်ထီလက်မှတ်စာအုပ် ၀ယ်ယူရောင်းချခဲ့မှုအပေါ် မိမိနေထိုင်ရာ ၊ လုပ်ငန်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ထိဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စဆောင်ရွက်ပြီးကြောင်း ထောက်ခံစာမူရင်း အခွန်ကိစ္စ လုံလောက်သော အစီအစဉ်များ တင်ပြရမည်ဟု ဆိုထားသည်။

ထီ၀ယ်ယူရန် လျှောက်လွှာများကို ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အတွင်း တင်သွင်းရမည်ဖြစ်ကာ၊ ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာ၀န်ယူရောင်းချမည့် ထီစာအုပ်အရေအတွက် ဖော်ပြလျက်မပျက်မကွက် ၀ယ်ယူရမည်ဖြစ်ကြောင်း၊ ပျက်ကွက်ပါက ထီစာအုပ်၀ယ်ယူရန် ရပ်စဲခင်း၊ အာမခံငွေများ သိမ်းယူခြင်းများကို ဆောင်ရွက်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားသည်။

၀ယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေပေးသွင်းခြင်း သဘောတူကတိစာချုပ်များကို မတ် ၃ ရက်နေ့ နောက်ဆုံးထားပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါက ထီစာအုပ် ၀ယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ခြိမ်းခြောက်ထားသည်။

NLD အစိုးရလက်ထက်က အမြင့်ဆုံး ကျပ်သိန်း ၁၅၀၀၀ ချီးမြှင့်ငွေပေးနိုင်ခဲ့သည့် အောင်ဘာလေထီသည် စစ်ကောင်စီက တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် ကျပ်သိန်း ၁၅၀၀ သာပေးနိုင်တော့သည်။

NLD အစိုးရလက်ထက်တွင် ထီရောင်းရငွေသည် ကျပ်သန်း ၂၀၀၀၀ ကျော်နှင့်အထက်ရှိခဲ့ပြီး စစ်ကောင်စီလက်ထက် ထီရောင်းရငွေသည် ကျပ်သန်း ၃၉၀၀ ကျော်သာအမြင့်ဆုံးရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီထီကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိသည့် မြို့များတွင်သာ အဓိကထား ရောင်းချနေရပြီး၊ လက်ကွဲထီဆိုင်များသည် ရောင်းအားကျဆင်းသဖြင့် ပိတ်သိမ်းခဲ့သည့် ဆိုင်အများအပြားရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရမှလည်း အောင်ဘာလေထီသည် စစ်တပ်၏ ငွေရင်းတစ်ခုဖြစ်နေသည့်အတွက် ယင်းထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းသည်ဟု ၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အောင်ဘာလေထီ