မိုးကုတ် ရတနာနယ်မြေတွင် ကျောက်မျက်တူးဖော်ခွင့် စီမံကိန်းအား မကြာခင်စတင်မည်ဟု NUG စီမံ၊ဘဏ္ဍာ၀န်ကြီး ပြောကြား

Author လင်းခိုင်
Categories
Published on Jan 11, 2023

 

မိုးကုတ် ရတနာယ်မြေတွင် ကျောက်မျက်တူးဖော်ခွင့် စီမံကိန်းအား မကြာခင် စတင်တော့မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်ထွန်းက ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေး ပြောကြားထားသည်။

“ ပွဲဦးထွက် Early Partnership Program တခုအဖြစ် ကမ္ဘာသိ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့်ကို (Mining Right) တော်လှန်ရေးအပေါ် သက်၀င်ယုံကြည်၊ အောင်မြင်လိုစိတ်ပြင်းပျတဲ့၊ ပြည်တွင်း ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်ပြီး၊ နိုင်ငံတော်နဲ့ အကျိူးတူ ဆောင်ရွက်သွားမယ့်စီမံကိန်းပါ၀င်ပါတယ်” ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်ထွန်းက ပြောကြားသည်။

စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို မကြာခင် အသိပေး ကြော်ငြာသွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအောင်စိတ်နှင့် ကျရာနေရာမှ ခွန်အားမျှ တူညီညာရုန်းကြရန် ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်ထွန်းက နှိုးဆော် ပြောကြားထားသည်။

တော်လှန်ရေး အမြန်အောင်နိုင်ရန် လိုအပ်သည့် ဘဏ္ဍာ ရန်ပုံငွေကို အချိန်မီရှာဖွေ ထောက်ကူနိုင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ်ပါ၀င်သည့်အတွက် NUG-MoPFI’s Early Partnership Program ကို စတင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ဆောင်ရွက်စ စီမံကိန်းများဖြစ်သည့် အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ၊ ငွေတိုက်စာချုပ် (Bond ) ရောင်းရခြင်း စသည်တို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ထပ် မတူကွဲပြားသည့် စီမံကိန်းများကိုလည်း အကောင်အထည်ဖော်သွားမည်ဟု ယင်းကဆိုသည်။

ဦးစားပေးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ သိမ်းယူထားသည့် အချက်အချာမြေနေရာများတွင် အနာဂတ်စီမံကိန်းများအဖြစ် အရည်သွေးမီ တန်ဖိုးသင့်တိုက်ခန်းများနှင့် အဆင့်မီကွန်ဒို များလည်းဖော်ဆောင်သွားမည်ဖြစ်ကာ၊ တန်ဖိုးသင့်တိုက်ခန်းများသည် ပြည်သူများ လက်လှမ်းမီ ပါ၀င် ထောက်ပို့နိုင်ရေးအတွက် လစဉ်ပေးသွင်းရမည့် ပမာဏ ဒေါ်လာရာဂဏန်းအနည်းငယ်ဖြင့် ၀ယ်ယူနိုင်ရန် စီမံထားသည်ဟု ပြည်ထောင်စု၀န်ကြီးက ဆက်လက်ပြောကြားသည်။
ဓာတ်ပုံ-Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #မိုးကုတ်