ချင်းအမျိုးသားတပ်ဦး ဌာနချုပ်သို့ လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုသည် တစ်နှစ် အပစ်ခတ် ရပ်စဲမည်ဟု ပြောဆိုချက် အလိမ်အညာသာဖြစ်သည်ကို ၀န်ခံခြင်းဖြစ်ဟု ICNCC ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Jan 11, 2023

 

ချင်းအမျိုးသားတပ်ဦး (CAN/CNF) ဌာနချုပ်သို့ လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုသည် ယင်းတို့ပြောကြားထားသည့် ၂၀၂၃ ခုနှစ်အတွင်း အပစ်ခတ်ရပ်စဲမည်ဆိုသည့် ပြောကြားချက်မှာ အလိမ်အညာသာဖြစ်သည်ကို ၀န်ခံခြင်းဖြစ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီသည် CAN/CNF ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအား တိုက်လေယာဉ်များ အသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CAN/CNF မှ တပ်ဖွဲ့၀င် ၅ ဦးကျဆုံးခဲ့ပြီး၊ တစ်လုံးသည် အိန္ဒိယနိုင်ငံ နယ်နမိတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချသည်ဟု ICNCC က ထုတ်ပြန်ထားသည်။

ယခု လုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် ချင်းလူမျိုးများအပါအ၀င် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာလိုသော သဘောထားအမှန်ကို အတိအလင်းဖော်ပြချက်ဖြစ်ကာ၊ ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်ခတ် ရပ်စဲမည်ဟု စစ်ကောင်စီ ထုတ်ဖော်ပြောဆိုချက်သည် အလိမ်အညာ သက်သက်သာဖြစ်ကြောင်း ကိုယ်တိုင် ၀န်ခံနေခြင်း ဖြစ်သည်ဟု ICNCC က ထုတ်ပြန်ထားသည်။

CAN/CNF) ဌာနချုပ်နှင့် ချင်းပြည်အတွင်း လေကြောင်းပစ်မှတ်ထားတိုက်ခိုက်မှုများသည် နိုင်ငံရေးအရ မှားယွင်းသည့် လုပ်ရပ်ဖြစ်ပြီး၊ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမို အားသစ် လောင်းပေးရာရောက်ပြီး ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်လက် တွန်းလှန်ခုခံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့် ချင်းလူမျိုးတို့၏ သမိုင်း၌ အလွန်အရေးကြီးသည့် အချိန်ကာလဖြစ်ရာ ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအင်အားစု အသီးသီးအနေဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက် ပန်းတိုင်ရောက်သည်အထိ ရရာနည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန်ဆောင်ရွက်ကြရန် ICNCC က တိုက်တွန်းထားသည်။

စစ်ကောင်စီက CAN/CNF ဌာနချုပ်သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဲဘော် ၅ဦးသေဆုံးပြီး၊ ၁၀ ဦး၀န်းကျင်ဒဏ်ရာရရှိခဲ့ကာ၊ အဆောက်အဦး ၂၀ ၀န်းကျင်ပျက်စီးခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ချင်းအမျိုးသားတပ်ဦး #လေကြောင်းတိုက်ခိုက်မှု