စည်းလုံးညီညွတ်မှုသည် ယခင်ကာလများထက် ခိုင်မာလာသည်ကို ပြသရန် လိုအပ်နေကြောင်း ပြည်ထောင်စု ၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Jan 05, 2023

စည်းလုံးညီညွတ်မှုသည် ယခင်ကာလများထက် ခိုင်မာလာသည်ကို ပြသရန် လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင် ဗဟိုကော်မတီ အစည်းအဝေးတွင် ယင်းကော်မတီ ဥက္ကဌ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီးချုပ်က စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်သည့် အချိန်ကာလသည် ၂နှစ်ပြည့်တော့မည်ဖြစ်ကာ၊ ၂၀၂၃ ခုနှစ်သည် တော်လှန်ရေးကို အရှိန်မြှင့်ပြီး အောင်မြင်အောင် ဖော်ဆောင်ရမည့် အချိုးအကွေ့ ကာလတစ်ခုအဖြစ်သတ်မှတ်ထားသောကြောင့် ကော်မတီ၀င် ၀န်ကြီးများ၊ ဌာနများသည် တစ်နှစ် မဟာ ဗျူဟာအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့ပြင် တစ်နှစ်ဗျူဟာကို မြေပြင်ဆောင်ရွက်နေသူ အများစုကလည်း နားလည်သိရှိထားပြီး၊ မြေပြင်ခေါင်းဆောင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ခေါင်းဆောင်များက ဖြည့်ဆည်းပေးမှသာ တော်လှန်ရေးအရှိန်မြင့်လာပြီး ပြည်သူများ၏ ခုခံနိုင်မှုအတွက် ထောက်ပံ့မှုပြုလုပ်နိုင်မည်ဟု ယင်းက ဆိုသည်။

ယင်းအပြင် ပြည်သူလူထုသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် စိတ်ရောကိုယ်ပါ မလုံခြု့မှု ခံစားနေရပြီး ယင်းအခြေအနေများကို ကုစားပေးနိုင်ရန် အရေးကြီးကြောင်း၊ လုံခြုံမှုပေးနိုင်ရန် တရားဥပဒေစိုးမိုးနိုင်ရန်အတွက် နယ်မြေစိုးမှုသည် အင်မတန်အဓိကကျသည့်အတွက် စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေး ကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ အားလုံးသည် ဆက်စပ်လုပ်ဆောင်ရမည်ဖြစ်ကာ တော်လှန်ရေး အစိုးရတစ်ရပ်ဖြစ်သောကြောင့် ပုံမှန်အချိန်ထက် ပိုမိုဆောင်ရွက်ကြရန် ပြည်ထောင်စု ၀န်ကြီးချုပ်က တိုက်ထွန်းထားသည်။

ယခုအချိန်သည် အားလုံး၏ စည်းလုံးညီညွတ်မှုသည် ယခင်ကထက်များစွာ ခိုင်မာလာပြီကို ပြသရန်လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်ရေးတွင် ယုံကြည်မှုသည် အဓိက ကျသဖြင့် အချင်းချင်းယုံကြည်မှု တည်ဆောက်နိ်ုင်ရန်အတွက် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။

အစိုးရအဖွဲ့သည် တော်လှန်ရေးကာလအတွက်သာမက တော်လှန်ရေးအလွန် ထူထောင်ရေးအတွက်ပါ တာ၀န်ရှိသည့်အတွက် အစိုးရအဖွဲ့၀င် တစ်ဦးချင်းသည် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နေရန် လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ထောက်ပြပြောဆိုသည်။

ဓာတ်ပုံ-NUG
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း