ပြန်လည်လွတ်မြောက်ရန် ငွေဆယ်သိန်းပေးပြီး ယတြာချေခဲ့သည့် တပ်လော်ဘီတစ်ဦး ထောင်သုံးနှစ်ချခံရ

Author ကိုပေါက်
Categories
Published on Dec 28, 2022

စစ်ကောင်စီက ပြန်လွှတ်ပေးမည်ဟု ပြော၍ ငွေဆယ်သိန်း လာဘ်ငွေပေးခဲ့ပြီး ပြန်လည်လွတ်မြောက်ရေးအတွက် တပ်လော်ဘီ ဗေဒင်ဆရာများထံ ယတြာများချေခဲ့သော် တပ်လော်ဘီ ကိုသူရိန်ဝင်း (ခ) ရာဇာကို ပြည်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

တပ်လော်ဘီအလုပ်လွန်ကာ ဖမ်းဆီးခံထားရသည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ ပဲခူးတိုင်း ဒေသကြီး ဥက္ကဌ ကိုသူရိန်ဝင်း (ခ) ရာဇာကို ပြည်မြို့နယ်တရားရုံးတွင် စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ယနေ့နေ့လယ်ပိုင်းတွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Plaform ကိုပြောသည်။

“သူရဲ့အပေါင်းအသင်းတွေ ဖြစ်တဲ့ လော်ဘီတွေတောင် ပြန်လွှတ်မယ်ဆိုပြီး ပျော်နေကြတာ ယတြာတောင် လုပ်ထားသေးတယ် ရာဇာပြန်လာပြီဆိုပြီး၊ ပိုက်ဆံဆယ်သိန်းပေးထားတဲ့ မျက်နှာကိုမထောက် လုပ်ရက်တယ်”ဟုပြောသည်။

စစ်တပ်ကောင်းကြောင်းများသာ အမြဲပြောဆိုတက်သည့် ရာဇာကို အောက်တိုဘာလ ၂၁ ရက်တွင် စစ်ကောင်စီတပ်က ပန်းတောင်းမြို့နယ် မြစစ်ကိုင်းကျေးရွာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်သည်ဟု ကျေးရွာနေသူတွေဆီက သိရသည်။

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသူ ကိုရာဇာ(ခ) သူရိန်ဝင်းဆိုသူမှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး PPP ပါတီမှ NUD ပါတီသို့ကူးပြောင်းကာ ပဲခူးတိုင်းဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူလည်း ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတွေဆီက သိရသည်။

သူ၏ လူမှုကွန်ရက်စာမျက်နှာများတွင် စစ်ကောင်စီကောင်းကြောင်းများ ရေးသားခဲ့ပြီး NUGနှင့် PDFများအား အမြဲတစေ ဆဲဆိုလေ့ရှိသူဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက် က အင်းစိန်အကျဥ်းထောင်တွင်း အထူးတရားရုံးမှ စစ်တပ် လော်ဘီတစ်ဦးဖြစ်သူ တောင်ဒဂုံမြို့နယ်နေ ကိုမျိုးဝင်းကိုပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည့် ဖြစ်စဥ်လည်း ရှိသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရာဇာ #တပ်လော်ဘီ #ယတြာ