ရခိုင်တွင် ရွေးကောက်ပွဲအတွက် စစ်ကောင်စီတပ်က မဲရုံသုံးပစ္စည်းများ ကြိုတင်ပြင်ဆင်နေ

Author ကိုပေါက်
Categories
Published on Dec 26, 2022

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းများကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ကြိုတင်ပြင်ဆင်နေသည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီက လုပ်ဆောင်ချင်နေသည့် လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းများနှင့် မဲရုံသုံးပစ္စည်းများ ပြင်ဆင်ခြင်းတို့ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“လူဦးရေ စာရင်းတွေပြုစုတာ လဝကနဲ့ထွေအုပ်က စာရင်းတွေ ပြန်တိုက်တာအပြင် မဲရုံသုံးပစ္စည်းတွေလည်း စစ်တပ်က ပို့ထားပြီးပြီ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်နေတယ် PR စနစ်ဆိုတော့ ဘယ်လို ကိုယ်စားပြုပြိုင်မယ်ဆိုတာတော့ မသိရသေးဘူး”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီက မြို့နယ် ၁၇ မြို့နယ်စလုံးကို ရွေးကောက်ပွဲတွင် ပါဝင်နိူင်ရန် ဆောင်ရွက်နေသော်လည်း စိတ်ပါဝင်စားသူမရှိကြောင်း မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“၂၀၂၀ တုန်းက ရခိုင်မှာ ရှစ်မြို့နယ်ပဲ ကျင်းပနိူင်တယ် တိုက်ပွဲတွေဖြစ်နေတာကြောင့် အခုတော့ ကျန်တဲ့ ၉ မြို့နယ်ပါ လုပ်မယ် အားလုံးဆို ၁၇ မြို့နယ်ပေါ့ လုပ်တော့လုပ်နေတာပဲ စိတ်ဝင်စားတဲ့သူတော့ မရှိဘူး”လို့ ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ မြို့နယ် အတွင်း ရှိ ကျေးရွာအုပ်စု ၄ အုပ်စု ၊ ကျောက်ဖြူမြို့ နယ်ရှိ မြို့ပေါ်ရပ်ကွက်တချို့နှင့် ကျေးရွာအုပ်စု ၅၀ နီးပါး၊ တောင်ကုတ်မြို့ နယ် အတွင်းရှိ ကျေးရွာအုပ်စု ၅၀ ကျော် အပြင် အမ်းမြို့နယ် ရှိ မြို့ပေါ် ရပ်ကွက်တချို့နှင့် ကျေးရွာအုပ်စု ၂၀ ကျော်မှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရခိုင်ပြည် #ရွေးကောက်ပွဲ