ကယန်း သမီးပျိုများ စစ်ရှောင်ကူညီရေးအသင်းမှ ဖွင့်လှစ်ထားသည့် ကြားကာလ အခြေခံပညာရေး ကျောင်းဆင်းပွဲပြုလုပ်

Author လင်းခိုင်
Categories
Published on Dec 24, 2022

 

ကယန်း သမီးပျိုများ စစ်ဘေးရှောင်ကူညီရေးအသင်းမှ ဦးစီးဖွင့်လှစ်ထားသည့် ဒီမောဆိုမြို့နယ်အတွင်းရှိ သူပုန်ကျောင်း-၁ ၊ ကြားကာလ အခြေခံပညာရေးကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားကာလ အခြေခံပညာရေးကျောင်းကို ဒီမောဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“ကျောင်းဆင်းပွဲ လုပ်ရတဲ့ အဓ်ိကရည်ရွယ်ချက်က ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေ ပညာရေးနဲ့ဝေးကွားမှု မရှိစေရန်ရယ် ပြီးတော့ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုမရှိစေရန် ဆိုပြီးတော့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်”ဟု သူပုန်ကျောင်း-၁ တည်ထောင်သူ ဆရာမင်းဘုဏ်းလူက CJ Platform သို့ ပြောသည်။

သူပုန်ကျောင်း-၁ ကြားကာလ အခြေခံပညာရေးကျောင်းကို ၂၀၂၂ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ကာ မူလတန်းမှ အလယ်တန်းအထိ ဆရာ၊ ဆရာမ ၇ ဦးဖြင့် ကျောင်းသား ၁၄၇ ယောက်ကို ပညာသင်ကြားပေးခဲ့ခြင်းဖြစ်သည်။

“ ဒီဇင်ဘာ ၂၂ ရက်မှာ ကလေးတွေအကုန်လုံးစာမေးပွဲပြီးတော့ ကျောင်းဆင်းပွဲကို အားကစားပြိုင်ပွဲတွေပြုလုပ်ပေးခဲ့တယ်” ဟု ဆရာမင်းဘုဏ်းလူ ကဆက်လက်ပြောကြားသည်။

ကျောင်းဆင်းပွဲတွင် ကလေးများပျော်ရွှင်စေရန်အတွက် ဘောလုံးအားကစား၊ ဘော်လီဘော အားကစား၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဘော်လီကောက် ပြိုင်ပွဲနှင့် ချောတိုင်တက် ပြိုင်ပွဲများပြုလုပ်ပေးခဲ့ပြီး ဆုချီးမြှင့်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ- မင်းဘုဏ်းလူ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကယန်းသမီးပျို #ကြားကာလပညာရေး #ကျောင်းဆင်းပွဲ