ဒေါ်လာစျေးကို ၂၇၀၀ကျပ်၊ ရွှေတစ်ကျပ်သားကို ၂၅သိန်း သတ်မှတ်မည်ဆိုသည်မှာ သတင်းအမှားဟု စစ်ကောင်စီခန့် စီးပွားကူးသန်းဝန်ကြီးပြော

Author CJ Platform
Categories
Published on Aug 29, 2022

🖋နီနီ
ရွှေနှင့်ဒေါ်လာ လုပ်ငန်းရှင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဟုဆိုကာ တစ်ဒေါ်လာ ၂၇၀၀ ကျပ်နှင့် ရွှေတစ်ကျပ်သား ကို ၂၅ သိန်းအဖြစ် အဖွင့်ဈေးသတ်မှတ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုသတင်းများသည် မှားယွင်းနေကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးသစ်မှ ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
“ဒီရက်ပိုင်း တွေမှာ စီးပွားရေးနဲ့ ငွေကြေး စျေးကွက်အတွင်း သမားရိုးကျမဟုတ်တဲ့ လုပ် ဆောင်မှု တွေ လူထုကို ထင်ယောင်ထင်မှားဖြစ်စေမယ့်သတင်း မှားထုတ်လွှင့်မှု တွေ ခပ်စိတ်စိတ် တွေ့လာရပါတယ် ဒီနေ့ တွေ့လိုက်ရတဲ့ လုပ်ကြံသတင်း သတင်းမှားတစ် ခုကို ပူးတွဲ ဖော်ပြ ပေးလိုက်ပါတယ် လုံးဝမှားယွင်းပြီး အခြေအမြစ်မရှိဘဲ လူထုကိုချောက်တွန်းတဲ့သတင်းလို့ ပြောပြလိုပါတယ်” ဟု ၎င်း ရေးသားထားသည့် စာအတွင်းပါဝင်သည်။
ဩဂုတ်လ ၂၇ရက်နေ့တွင် လုပ်ဆောင်ခဲ့သည့်အစည်း အဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်အတုဟု ဆိုသည့် စာအတွင်း၌ တရားမဝင်ဒေါ်လာရောင်းဝယ် ကစားသူများအားဖမ်းဆီးရန်၊ USD ၂၇၀၀,ရွှေဈေး ၂၅ သိန်းဖြင့် ဈေးဖွင့်ရန်၊ အရေးပေါ်ဆေးဝါးကုန်မှလွှဲ၍ import လုပ်ငန်းအားလုံး ယာယီဆိုင်းငံ့ရန်၊ စက်သုံးဆီ ရုရှားမှသာတင်သွင်းကြပါရန်နှင့် USD အစားထိုး ရုရှား Ruble ပြောင်းလဲ သုံးစွဲနိုင်ရန်အတွက် russia-india-china တိုနဲ့ ကုန်သွယ်မှု မြှင့်တင်ရန် ကြိုးပမ်းကြရန် ဆိုသည့် အကြောင်းအရာများ ပါဝင်သည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး အများပြည်သူ သိသင့်သည့် သတင်းမှန်များကို စစ်ကောင်စီ ထိန်းချုပ်ထားသည့် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝက်ဆိုဒ်နှင့် ဖေ့စ်ဘုတ် တို့မှ ပုံမှန်ထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး ထိုနေရာများမှ မဟုတ်သည့် အ ခြေအမြစ် မရှိသည့် သတင်း များ ကို မယုံကြဖို့ရေးသားဖော်ပြချက်တွင်ပါရှိသည်။
ယခုကဲ့သို့ ထွက်ပေါ်နေသည့် သတင်းများမှာ သတင်းအမှားဟု စစ်ကောင်စီခန့် ဝန်ကြီးမှ ဆိုသော်လည်း သတင်းအမှန်ဆိုသည်ကို ထည့်သွင်းရေးသားထားခြင်း မရှိပေ။
မြန်မာနိုင်ငံ၏ ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုများကြောင့် ရွှေလုပ်ငန်းရှင်များအား ရွှေနှင့် ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီမှ သြဂုတ် ၂၇ ရက် က နေပြည်တော်သို့ ခေါ်ယူဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ဆွေးနွေးမှုများပြီးသည့် နောက်မှာတော့ နိုင်ငံခြားငွေ စျေးနှုန်းမြင့်တက်စေရန် လုပ်ဆောင်နေမှုများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့် အညီထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေးစာထုတ်ပြန်ခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းများမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၈ သိန်းကျော်ရှိပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ် အထိ စံချိန်သစ်များတင်ခဲ့ခြင်းဖြစ်သည်။