ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု မိမိတို့နှင့် လုံး၀သက်ဆိုင်ခြင်းမရှိ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူမည်ဟု NUG ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 21, 2022

 

ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု မိမိတို့နှင့် လုံး၀သက်ဆိုင်ခြင်းမရှိ၊ ကျူးလွန်သူများ ဖော်ထုတ်အရေးယူနိုင်ရန် ပြည်သူလူထုနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေအစိုးရက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန် ထားသည်။

ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အရပ်သား ပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူး၀မ်းနည်းကြေကွဲရကြောင်း၊ ထိခိုက်ဒဏ်ရာရသူအားလုံး အမြန်ဆုံးသက်သာစေရန် ဆုမွန်ကောင်းတောင်းပြီး၊ ဒဏ်ရာရ မိသားစုများနှင့်အတူ ထပ်တူရှိနေကြောင်း၊ အကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချသည်နှင့် တချိန်တည်း အမှန်တကယ်ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟု NUG က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ လိုက်နာရမည့် စစ်သည်တော်ကျင့်၀တ်များ ချမှတ်ထားပြီး စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်တွင် အရပ်သားပြည်သူများအား ခြိမ်းခြောက်ပစ်မှတ်ထား တိုက်ခိုက်ခြင်းမပြုရဟု ပြဌာန်းထားသည့်အတွက် အရပ်သားလူထု အန္တရာယ် ထိခိုက်စေနိုင်သည့် အခြေအနေရှိပါက အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရန် စီစဉ်ထားသည့် လုပ်ငန်းများကိုပင် ပယ်ဖျက်ခဲ့ဖူးသည့် သာဓက အမြောက်အများရှိပြီးဖြစ်သဖြင့် ယခုအကြမ်းဖက်လုပ်ရပ်သည် မိမိတို့နှင့် လုံး၀သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင်သည် ယင်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို အကြောင်းတရားနှင့် စိုးရိမ်ထိတ်လန့်မှုများ အဆတ်မပြတ် ဖြစ်ပေါ်စေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် သာဓကများရှိသကဲ့သို့ ဆက်လက်လုပ်ဆောင်ရန် ၀န်မလေးကြောင်းကို လက်ရှိ လုပ်ဆောင်ချက်များက သက်သေဖြစ်ပြီး၊ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ ၀မ်းနည်းဖွယ်ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရေး မပြတ်သောသတိဖြင့် နေထိုင်ကြရန် NUG က မေတ္တာရပ်ခံထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန် #ဒလကူးတို့ #NUG