ငွေဆောင်ဟိုတယ်ဇုံလမ်းအား ချဲ့ထွင်မည်ဟုဆိုကာ ဒေသခံနေအိမ်များအား ဖျက်ခိုင်း ဟိုတယ်မြေနေရာများကိုမူ ဖျက်သိမ်းခိုင်းခြင်း မရှိ

Author စကားဝါ
Categories
Published on Dec 21, 2022

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငွေဆောင်မြို့ ငွေဆောင်ဟိုတယ်ဇုံလမ်းအား ပေ ၁၀၀အကျယ် လမ်းအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ လမ်းဦးစီးဌာနမှ လမ်းမဘေးတလျှောက်ရှိ ဒေသခံများ၏ နေအိမ်များအား ဖျက်သိမ်းခိုင်းနေပြီး ဟိုတယ်မြေနေရာများကိုမူ ဖယ်ရှားခိုင်းခြင်း မရှိကြောင်း ဒေသခံများမှ CJ Platform ကိုပြောသည်။

ငွေဆောင်ဟိုတယ်ဇုံလမ်းအား ပေ ၁၀၀အကျယ်လမ်းအဖြစ် ချဲ့ထွင်ရန်ဟုဆိုကာ ဒီဇင်ဘာလ ၁၇ရက်နေ့မှ စတင်ကာ လမ်းမတလျှောက် အလံတိုင်များအား လိုက်လံစိုက်ထူပြီး လမ်းမဘေးရှိ ပြည်သူပိုင်နေအိမ်များအား ဖျက်သိမ်းပေးရန် လမ်းဦးစီးဌာနမှ ခိုင်းစေနေခြင်း ဖြစ်သည်။

“၇ရက်အတွင်း အပြီးဖျက်ပေးရမယ်လို့ပြောတယ်၊ လမ်းမဘေး ဝဲယာကို ဖျက်ခိုင်းတာ မဟုတ်ဘူး၊ ပြည်သူတွေနေတဲ့ အိမ်တွေပဲ ဖျက်ခိုင်းတာ ဟိုတယ်တွေဘက်ကိုကျ မဖျက်ခိုင်းဘူး၊ လမ်းဦးစီး အမျိုးသမီးက ရာအိမ်မှူး ဆယ်အိမ်မှူးတွေကို လိုက်ပြောခိုင်းတယ် အမြန်ဖျက်ပေးဖို့၊ ဟိုတယ်တွေကျတော့ မပါဘူး၊ ပြည်သူတွေ ဒုက္ခရောက်နေပါတယ်”ဟု ငွေဆောင် ဒေသခံတစ်ဦးက ပြောသည်။

ငွေဆောင်ဟိုတယ်ဇုံ လမ်းမတလျှောက် သလပ်ခွာကျေးရွာအနီးတွင်လည်း လမ်းဘေးဝဲယာနေအိမ်များအား လမ်းနယ်နမိတ်မလွတ်ဟုဆိုကာ စစ်ကောင်စီမှ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ မအူပင်၊ ပန်းတနော်၊ မြောင်းမြစသည့် မြို့များတွင် စစ်ကောင်စီမှ လမ်းနယ်နမိတ်တိုးချဲ့ရန်ဟုဆိုကာ ပြည်သူပိုင်နေအိမ်များအား နစ်နာကြေးလျော်ကြေး တစ်စုံတစ်ရာ မပေးအပ်ဘဲ ဖျက်သိမ်းရန် စေခိုင်းမှုများအား ဆက်တိုက် လုပ်ဆောင်နေလျှက်ရှိနေသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #ငွေဆောင် #ဟိုတယ် #လမ်းနယ်နမိတ်