အင်းလျားကန်တွင်း ခုန်ချခဲ့သည့်အမျိုးသား သေဆုံးလျက် ပြန်လည်တွေ့ရှိ

Author CJ Platform
Categories
Published on Aug 29, 2022

🖊အောင်နိူင်သူ
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ထဲကို ယနေ့နေ့လည် ၂နာရီက အမျိုးသားတစ်ဦးခုန်ချခဲ့ပြီး ညနေ လေးနာရီခွဲခန့်မှာ အလောင်းကို သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါအမျိုးသားခုန်ချခဲ့ပြီးနောက် ကမာရွတ် မီးသတ်တပ်ဖွဲမှ မီးသတ်ယာဥ်တစ်စီးစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များနှင့်အတူ ရှာဖွေရာ ညနေလေးနာရီခွဲမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူရဲ့နာမည်တွေလိပ်စာတွေတော့ စုံစမ်းနေတုန်း အခုbody ကို မြောက်ဥက္ကလာဆေးရုံကြီးကို ပိုထားတယ်”ဟုရှင်းပြသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို M.A.N လူမှုကူညီကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးထားသည်ဟု မီးသတ်ဦးစီးဌာနက သိရသည်။
ပြည်မြို နဝဒေးတံတားပေါ်ကနေ သြဂုတ်လ ၂၈ ရက်ညနေပိုင်းက အသက်၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သုံးနှစ်အရွယ် သမီးဖြစ်သူကိုချီကာ ခုန်ချခဲ့ပြီး လက်ရှိအခြေအနေအထိ အလောင်းရှာမတွေ့သေးပေ။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ကလည်း မရမ်းကုန်းမြိုနယ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်ကနေ အသက်၅၈နှစ်အရွယ် အမျိုးသားတစ်ဦး ခုန်ချပြီး သေကြောင်းကြံစည်ခဲ့ဖူးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိူင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး ကုန်စျေးနှုန်းကြီးမြှင့်မှုများကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို နေ့နှင့်ည ပေါင်းစားရသူများရှိပြီး အခက်အခဲတွေနဲ့ကြုံရပြီးနောက် နောက်ဆုံးထွက်ပေါက်အဖြစ် သေကြောင်းကြံစည်မှုများကို ခပ်စိတ်စိတ်လုပ်ဆောင်လာနေကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။