စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာ လုံး၀မရှိပဲ ရွေးကောက်ပွဲဆိုသည့် အသုံးနှုန်းကိုပင် သုံးစွဲရန် မထိုက်တန်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Dec 20, 2022

 

စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာ လုံး၀မရှိပဲ ရွေးကောက်ပွဲဆိုသည့် အသုံးအနှုန်းကိုပင် သုံးစွဲရန် မထိုက်တန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင် ပြုလုပ်သည့် ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၌ အတုအယောင်ရွေးကောက်ပွဲကို မဖြစ်ဖြစ်သည့်နည်းဖြင့် ကျင်းပပြီး နိုင်ငံတကာ တရား၀င်မှုရရန်အတွက် နိုင်ငံရေးထွက်ပေါက် ရှာလိမ့်မည်ကို တွေ့ရကြောင်း၊ ဥပဒေအရပ်ရပ်ချိုးဖောက်ကာ နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်၊ ညှင်းပ်း နှိပ်စက် ဖျက်ဆီးနေကြောင်း ယာယီသမ္မတက ဆိုသည်။

“ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံး၀မရှိပါဘူး။ ယင်းတို့ ကျင်းပမည်ဆိုတဲ့ ရွေးကောက်ပွဲဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြသနာရဲ့ ထွက်ပေါက်နဲက အဖြေလုံး၀ မဟုတ်ရုံသာမက ပြသနာကို ပိုမိုရှုတ်ထွေးစေပြီ ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ပါတယ်။ ရွေးကောက်ပွဲဟူသော အသုံးအနှုန်းကို သုံးစွဲရန် ပင်ထိုက်တန်မှုမရှိတဲ့ အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှုသာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲသည် ယင်းတို့ အာဏာသက်ဆိုးရှည်စေရေးနှင့် ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်ပြီး၊ တရားမ၀င် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ယာယီသမ္မတက တိုက်တွန်းထားသည်။

စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် ဖီဆန်တော်လှန်ခြင်းအရေး ကိစ္စသည် အင်မတန်ကျယ်ပြန့်ကြောင်း၊ နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက ပြည်သူ့အာဏာဖီဆန့်ရေးလှုပ်ရှားမှုသည် အုံလိုက်ကျင်းလိုက် အားကောင်းခဲ့ကြောင်း၊ စစ်အာဏာရှင်စနစ် ဒေါက်တိုင်အဖြစ် ပူးပေါင်းပါ၀င်နေသူများကို လူမှုရေးပြစ်ဒဏ်ခတ် သပိတ်မှောက်ဆန့်ကျင်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းခဲ့သည် ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

၂၀၂၃ ခုနှစ်သည် စစ်ရေး၊ နိုင်ငံရေး အချိုးအကွေ့ ဖြစ်လာနိုင်မည့် နှစ်ဟု ယူဆကြောင်း၊ ထို့ကြောင့် တော်လှန်ရေး လမ်းစဉ်များတွင် မဟာဗျူဟာအရ မမှားရန်လိုသလို နည်းဗျူဟာဖြင့် အလွဲအချော် မဖြစ်စေရန်လိုကြောင်း၊ အထူးသဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တုံ့ပြန်ရန်ကိစ္စဖြစ်ကြောင်း ယာယီသမ္မတကပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ #ရွေးကောက်ပွဲ