ဒိုက်ဦး အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသားများ ဖိနှိပ်ခံရသည့်အတွက် အစာငတ်ခံဆန္ဒပြမှုအပါအ၀င် ထောင်တွင်းသပိတ်ပြုလုပ်

Author လင်းခိုင်
Categories
Published on Dec 19, 2022

 

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရှိ ဒိုက်ဦး ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသားများ ဖိနှိပ်ခံရသည့်အတွက် အစာငတ်ခံဆန္ဒပြမှုအပါအ၀င် ထောင်းတွင်းသပိတ်ကို ယနေ့မှ စတင်ကာ ပြုလုပ်လျက်ရှိကြောင်း ဒိုက်ဦး ဗဟို အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများနှင့် အခြားအကျဉ်းသားများ က ကြေညာထားသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင်ရှိ၊ အမှတ် (၂) အိပ်ဆောင်အား အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင် လုံခြုံရေးခေါင်းစဉ်ဖြင့် အခန်း ၈ ခန်းလုံးကို ရှာဖွေရေးဟုအမည်တပ်ပြီး အကျဉ်းသား၏ စားသောက်ဖွယ်ရာများနှင့် အကျဉ်းဦးစီးမှ တရား၀င်ခွင့်ပြုထားသည့် အကျဉ်းသားများ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာ၀န်အချိန်တွင် မူးယစ်သောက်စားထားသည့် ၀န်ထမ်းအချို့မှ နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် အခြားအကျဉ်းသားများကို အော်ဟစ်ဆဲဆိုကာ၊ ကိုယ်ထိလက်ရောက်ပြုမှုနိုင်သည့် ပုံစံများဖြင့် အကျဉ်းသားများကို ဆက်ဆံခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် အကျဉ်းထောင်ဥပဒေတွင် ပါရှိသည့် တစ်ပတ်လျှင် အသားလေးကြိမ်ကျွေးရမည်ဆိုသော်လည်း ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် သတ်မှတ်အလေးချိန်ထက်လျော့နည်းပြီး အရိုးများကိုသာ ကျွေးသဖြင့် ၊ မိသားစုများမှ ပေးပို့သည် ထောင်၀င်စာဖြင့်သာ ခက်ခဲစွာရပ်တည်နေရကြောင်း ဆိုသည်။

မိသားစုများမှ အကျဉ်းထောင်အတွင်းသို့ ပေးပို့သည့် ပါဆယ်များကိုလည်း အလွန်အကျွံ့ထိန်းချုပ်ခံထား ရသည့်အပြင် ၀န်ထမ်းများမှ ခိုးယူစားသောက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် ဖိနှိပ်ချုပ်ချယ်ခံရခြင်း များအပေါ် အမှတ်(၂) အချုပ်ဆောင်ရှိ အကျဉ်းသားများအနေဖြင့် ဖိနှိပ်ချုပ်ချယ်ခံရခြင်း၊ အကျဉ်းသား အခွင့်အရေးဆုံးရှုံးရခြင်းများကို လုံး၀လက်မခံနိုင်ကြောင်း၊ အကျဉ်းဦးစီးဌာနမှ အကျဉ်းသား အခွင့်အရေးကို လေးစားမှုရှိစေရန် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားအားလုံးတို့၏ တူညီသဘောဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

သဘောဆန္ဒထုတ်ဖော်မှုအား ဒီဇင်ဘာ ၁၉ရက်မှ စတင်ကာ အကျဉ်းဦးစီးမှ ကျွေးသည့်အစားအစာများ အားလုံး၀မစားသုံးခြင်းဖြင့် အစာငတ်ခံဆန္ဒထုတ်ဖော်ခြင်း၊ ရေချိုးသန့်စင်ခြင်းများကို အခန်းပြင်မထွက်ဘဲ ဆန္ဒထုတ်ဖော်ခြင်း၊ အကျဉ်းထောင်၏ တန်းဖွင့် တန်းပိတ်များတွင် အကျဉ်းဦးစီးမှ လူစစ်ရန်အတွက် ထောင်ပုံစံဖြင့် တန်းစီ၊ တန်းတိုင်မပြုလုပ်ပဲ ဆန္ဒထုတ်ဖော်ခြင်း၊ အကျဉ်းစီးဌာနမှ လုံခြုံရေးတာ၀န် တစ်ရပ်ဖြစ်သည့် ညနေ ခြောက်နာရီမှ နောက်တစ်နေ့ နံနက်ခြောက်နာရီအထိ အကျဉ်းသားများမှ အလှည့်ကျ ကင်းစောင့်သည့်အလုပ်အား မပြုလုပ်ပေးတော့ခြင်းဖြင့် သပိတ်မှောက်မည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။

ယင်းအပြင် အကျဉ်းသား စည်းကမ်းချက် ၁၈ ချက်အား လိုက်မရွတ်ဆိုခြင်းဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အခြားအကျဉ်းသားများထံမှ အကျဉ်းဦးစီးဌာနသို့ စီးဆင်းနေသည့် ငွေကြေးများကို ရှောင်ကျဉ်နေထိုင်ခြင်းများဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ မိမိတို့လိုလားချက်များ ရရှိသည့်အချိန်ထိ အထက်ပါအချက်များအတိုင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဒိုက်ဦး ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများက ထုတ်ဖော်ကြေညာခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပဲခူးတိုင်း #ဒိုက်ဦးမြို့ #အကျဉ်းထောင် #ထောင်တွင်းဆန္ဒပြ