နမ့်ဆန်တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ကုန်းသာရွာ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

Author ခေတ်နီ
Categories
Published on Dec 19, 2022

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရသည့် ကုန်းသာရွာဒေသခံများသည် ယနေ့ချိန်အထိ နေရပ်ပြန်ရန် ခက်ခဲနေသေးကြောင်း အဆိုပါ စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူ တချို့ထံမှ သိရသည်။

နမ့်ဆန်မြို့နယ် အတွင်းရှိ TNLAတပ်စခန်းရှိရာ နေရာများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်မှ စတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လူချကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အလွန်အကျွံ့ အသုံးပြု တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ တပတ်တာနီးပါး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးနားရှိ ဟူမန်း ၊ကုန်းသာ ၊ပိန်းလုံ ၊မန်လုံး ၊ပန်အလောနှင့်ဆာမ်ငမ် ကျေးရွာများမှ ဒေသခံ ၂၀၀၀ နီးပါးသည် ဘေးလွတ်ရာဒေသများကို တိမ်းရှောင် ထွက်ပြေးနေရတာပဲ ဖြစ်သည်။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်သွားတာကြောင့် တာလတ် ၊ပိန်းလုံ နှင့် မန်လုံးကျေးရွာ ဒေသခံတချို့ နေရပ်ပြန်နေကြသော်လည်း ကုန်းသာရွာ ဒေသခံများကတော့ တိုက်ပွဲအတွင်း ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရူံခဲ့တာကြောင့် နေရပ်ပြန်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

“တချို့ စစ်ရှောင်တွေကတော့ ပြန်ကုန်ပြီ မန်လုံးဘတို့ ပိန်းလုံက လူတွေပေါ့ ကုန်းသာက ပြန်လို့မရသေးဘူး တိုက်ပွဲထဲမှာလဲ တစ်ရွာလုံးထိထားတာရယ်၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေ လက်နက်ကြီးကျည်တွေ အရင်ရှင်းရဦးမယ်၊ စကစဖက်ကမြေမြှပ်မိုင်းတွေလဲ ထောင်ခဲ့တော့ အဲ့တာတွေပါ ကျနော်တို့ရှင်းနေရတယ် နယ်မြေရှင်းလင်းရေးလုပ်ပြီးမှ နေရပ်ပြန်လို့ရနိုင်မယ်”ဟု ဒုဗိုလ်မှူးကြီးတာအိုက်ကျော်မှ CJ Platform ကိုပြောသည်။

အဆိုပါ စစ်ရှောင်များသည် လက်ရှိတွင် နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် နေထိုင်လျက်ရှိနေပြီး လက်တလော နေထိုင်ရေးအတွက် လိုအပ်ချက်များ ရှိနေကြာင်း သိရသည်။

“စစ်ရှောင်တွေက ဒီမှာတင် ထောင်ကျော်နေတာလေ လိုနေတာကတော့ အနွေးထည်တွေ စောင်တွေပါပဲ ရိက္ခာက တစ်ပတ်လောက်ထိ ရသေးတယ်”ဟု ဇယန်းကြီးကျောင်းမှ သီတင်းသုံးနေထိုင်သည့် ဆရာတော် ဦးပညောဘာသမှ မိန့်သည်။

ထိုတစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် TNLA နှစ်ဖက်လုံး အကျအဆုံးများရှိခဲ့ပြီး ကုန်းသာရွာ ဒေသခံ နှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့မှုလည်း ရှိခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရှမ်းပြည်နယ် #နမ့်ဆန် #TNLA