လသာမြို့နယ် ကမ်းနားလမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် လုယက်မှုဖြစ် သိန်းတစ်ရာနီးပါး ပါသွား

Author ကိုပေါက်
Categories
Published on Dec 19, 2022

လသာမြို့နယ် ၁ ရပ်ကွက် ကမ်းနားလမ်း နှင့် လမ်းမတော် လမ်းထောင့်ရှိ ဧရာဝတီဘဏ်ခွဲ (၃၇) တွင် ယနေ့နံနက်ပိုင်းက အမျိုးသားတစ်ဦးမှ ဓားတစ်ချောင်းဖြင့် ခြိမ်းခြောက်၍ ငွေလုယက်ခဲ့ရာ သိန်းတစ်ရာနီးပါး ပါသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ယနေ့ နံနက် ဆယ်နာရီဝန်းကျင်က ကမ်းနားလမ်းရှိ ဧရာဝတီဘဏ်ခွဲ (၃၇) တွင် ဘဏ်ဖွင့်လှစ်ရန် ဝန်ထမ်းများ ပြင်ဆင်နေချိန် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဓားတစ်ချောင်းဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းသွားတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ရုံးဖွင့်ဖို့လာတာ မဖွင့်ရသေးဘူး အထဲမှာ ဝန်ထမ်းကောင်မလေးတွေနဲ့ လုံခြုံရေးတစ်ဦးပဲ ရှိတဲ့အချိန် ဖြစ်သွားတာ ဘဏ်မန်နေဂျာလည်းရှိတယ် ဓားနဲ့ဆိုတော့ ကြောက်ပြီး ထုတ်ပေးလိုက်တာ ဘဏ်ကမဖွင့်ရသေးတော့ ပိုက်ဆံသိပ်မရှိဘူး သိန်းတစ်ရာနီးပါး ပါသွားတယ်လို့ကြားတယ်”ဟု ပြောသည်။

အဆိုပါလုယက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် ရဲများရောက်လာချိန်မှ အနီးပတ်ဝန်းကျင်ရှိလူများမှ လုယက်မှုဖြစ်သည်ကို သိရသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“လုယက်တာကတော့ မဆန်းတော့ပါဘူး အသက်ကိုရန်မရှာသွားတာပဲ တော်သေးတယ် စစ်တပ်နဲ့ရဲလာမှ သိတာ
ဘယ်သူမှမသိဘူး”ဟု ပြောသည်။

လုယက်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ဧရာဝတီဘဏ်ခွဲ (၃၇) ရှေ့ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်း ဘဏ်ဓားပြတိုက်မှုများ ၊ လုယက်မှုများ မကြာခဏဖြစ်ပွားနေလျှက်ရှိသည်။