မန္တလေး၌ ပျောက်ဆုံးနေသော ငါးနှစ်အရွယ် ကလေးငယ်ကို အိမ်ဘေးရှိ တိုက်ခန်းတစ်ခန်းမှ ပြန်ရှာတွေ့

Author မေ
Categories
Published on Dec 16, 2022

မန္တလေးမြို့၌ နေအိမ်ရှေ့တွင် ဆော့ကစားရာမှ ပျောက်ဆုံးခဲ့သော ငါးနှစ်အရွယ် ကလေးငယ်ကို ယနေ့ မနက်အစောပိုင်းက အိမ်ဘေးရှိ တိုက်ခန်းတစ်ခန်းမှ ပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၁ရက် နေ့လည် ၃နာရီကျော်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁လမ်း၊ ၃၀×၃၁လမ်းထောင့်ရှိ နေအိမ်တစ်အိမ်ရှေ့၌ အသက်ငါးနှစ်အရွယ် ကလေးငယ်မှာ ဆော့ကစားနေစဉ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ပျောက်ဆုံးသဖြင့် မိသားစုနှင့်အတူ ပတ်ဝန်းကျင်မှ ဝိုင်းဝန်းရှာဖွေကြရာမှ CCTV မှတ်တမ်းများ၌ အဆိုပါနေရာအနီး၌ပင် အချိန်ခဏအတွင်း ပျောက်ဆုံးသွားခြင်း ဖြစ်သဖြင့် အိမ်အနီးရှိ ဘေးကပ်လျက်တိုက်ခန်းအား ယနေ့မနက် ၅နာရီက ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေရာမှ ကလေးငယ်အား အဆိုပါ အိမ်၏ အပေါ်ထပ်အခန်းအတွင်း စောင်ခြုံလျက် တွေ့ခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

” မနက် ၅နာရီလောက်က ဝင်ရှာကြတာ။ ကလေးကို အိမ်အပေါ်ထပ်အခန်းမှာ စောင်ခြုံလျက်နဲ့တွေ့တာ။ အခုတော့ ရဲစခန်းမှာ လုပ်စရာရှိတာ သွားလုပ်နေပါတယ်။ ကလေးပျောက်မှန်းလည်း သိတယ်။ ရှာနေကြမှန်းလည်း သိရဲ့နဲ့ အဲ့ဒီဘွားတော်က ကလေးကို ခေါ်ထားတာ။ သူနဲ့ မိသားစုနဲ့လည်း ဘာရန်ငြိုး၊ရန်စမှ မရှိပါဘူး”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကလေးငယ်မှာ အသက်ငါးနှစ်အရွယ်ရှိပြီဖြစ်ကာ မူကြိုတက်ရောက်နေသူလည်း ဖြစ်သည်။ ပျောက်ဆုံးချိန်မှ ငါးရက်အကြာ၌ မိသားစုက ပြန်လည်ရှာတွေ့သွားပြီဖြစ်ကာ ကလေးငယ်အား ခေါ်ယူထားသည့် အမျိုးသမီး၏ ကိစ္စအား သက်ဆိုင်ရာ ရဲစခန်း၌ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။