တံတားဦးမြို့အနီး ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၅ဒသမ၂ အဆင့်ရှိ ငလျင်လှုပ်ခတ် ဘုရားစိန်ဖူးတော်မြေခခြင်းနှင့် လူနေအိမ်ပျက်စီးမှု အချို့ရှိခဲ့

Author လင်းခိုင်
Categories
Published on Dec 15, 2022

 

တံတားဦးမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅ဒသမ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ပြီး ဘုရားစိန်ဖူးတော်မြေခခြင်းနှင့် လူနေအိမ်အချို့ပျက်စီးမှုများရှိခဲ့ကြောင်းသိရ သည်။

ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရိ ၁၆ မိနစ်၊ ၃၅ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ တံတားဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၊ အနက် ၆၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅ဒသမ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အဆိုပါငလျင် လှုပ်ခတ်မှုကို တံတားဦးမြို့၊ စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့ ၊ ပုလိပ်မြို့တို့တွင် နေထိုင်သည့်သူများ သိသိသာသာခံစားခဲ့ရပြီး ငလျင်လှုပ်ခတ်မှု ၃၃ စက္ကန့်ခဲ့ကြာမြင့်ခဲ့ကြောင်းသိရသည်။

“လှုပ်တာက အတော်ကိုကြမ်းတယ်။ စက္ကန့်ပိုင်းလေးလှုပ်တာကို အတော်ပြင်းတယ်။ အိမ်တွေကို ခါနေတာပဲ၊ နောက်ဆက်တွဲ လှုပ်မှာကို အတော်စိုးရိမ်နေတာ” ဟု စစ်ကိုင်းမြို့တွင် နေထိုင်သူတစ်ဦးက CJ Platform သို့ပြောသည်။

ထိုကဲ့သို့ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက်၊ မဏိရတာကျောင်း၀န်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော်မြေခခြင်း၊ မူလမဏိရတနာကျောင်းတော်ကြီး မျက်နှာကျက်များ ပြိုကျမှု ဖြစ်ပွားဖြစ်ပွားခဲ့သည်။

ထို့ပြင် အဆိုပါ ငလျင်ကြောင့် မင်းကွန်းကျေးရွာရှိ မြသိန်းတန်စေတီတော် စိန်ဖူးတော်၊ ငှက်မြက်နားတော် ပြုတ်ကျခြင်း ၊မုဒ်ဦးတစ်ခုအက်ခြင်း၊ ခြင်္သေ့ လက်မောင်းကွဲအက်ခဲ့ကာ လူနေအိမ်အချို့လည်း ထိခိုက် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်- တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြိုအနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်းအရှေ့၊ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့အသေး များစွာရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားရနိုင်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ငလျင်