အလုပ်သမားများကို စစ်ကောင်စီနှင့် ခြိမ်းခြောက်သည်ဆိုသည့် အရေးကိစ္စတွင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့များ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်ဖြေရှင်းမှုများ ရှိနေ

Author ခေတ်နီ
Categories
Published on Dec 12, 2022

 

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တစ်ခု၏ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများကို မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ၏အမည်ဖြင့် လာရောက်သူခဲ့သူများမှ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM နှင့် ယင်းအဖွဲ့မှတာဝန်ရှိသူများမှာ စစ်ကောင်စီမှ အလိုရှိနေသူများဖြစ်တာကြောင့် ပတ်သက် ဆက်နွယ်ခြင်းမပြုလုပ်ရန်နှင့် ပတ်သက်မိပါက အန္တရာယ်ရှိနိုင်ကြောင်း ပြောဆိုမှုရှိခဲ့သည့်အပေါ် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့များမှ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ပြန်လည်ဖြေရှင်းများမှု ရှိနေကြောင်း သိရသည်။

လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းရှိ (ဟန်ကီး) အထည်ချုပ်စက်ရုံအရှေ့ ကွမ်းယာဆိုင်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ် ထမင်းစားနားချိန်၌ MICS – TUsF အဖွဲ့အမည်နှင့် အမျိုးသမီး ၂ ဦးမှ စက်ရုံရှိ အလုပ်သမား ၅ ဦးခန့်ကို စက်ရုံအတွင်းရှိ အခက်ခဲများအား အလုပ်သမားများမှ ၎င်းတို့အဖွဲ့ထံ တိုင်တန်း၍ရကြောင်း ၊စက်ရုံတာဝန်ရှိသူများမှ ဆဲဆိုမှုများရှိမရှိနှင့် MICS အဖွဲ့၏ လိပ်စာကဒ်အားပေးခဲ့ပြီး
လှည်းကူးမြို့နယ် ထောက်ကြံ့တွင် MICS၏ သင်တန်းအား အလုပ်သမားများ လာတတ်ရန်နှင့် သင်တန်း လာတက်မည်ဆိုပါက ထမင်းကျွေးကာ ပိုက်ဆံလည်းပေးမည်ဟု ပြောခဲ့ကာ စက်ရုံ အလုပ်သမားများ၏ ဖုန်းနံပါတ်များအား တောင်းယူသွားခဲ့ကြောင်း FGWMဘက်မှ ဆိုသည်။

ထို့အပြင် FGWM အဖွဲ့ချုပ်ကိုလည်း တရားဝင်အဖွဲ့စည်းမဟုတ်ပဲ စစ်ကောင်စီမှ အလိုရှိနေသည့် အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့အစည်း ခေါင်းဆောင်များနှင့် မပတ်သက်ရန်နှင့် ပတ်သက်ပါက အန္တာရာယ်ရှိနိုင်ကြောင်း အလုပ်သမားများအား MICS အဖွဲ့နှင့်လက်တွဲ လုပ်ဆောင်ပါဟူ၍ပြောဆိုသွားခဲ့ကြောင်းလဲ FGWM ဘက်မှ ဆိုထားသည်။

ယင်းဖြစ်စဉ်အပေါ် CJ Platform သတင်းဌာမှ MICSအဖွဲ့အား မေးမြန်းရာတွင် ဖြစ်စဉ်တွင် နားလည်မှု လွှဲမှားမှုများ ရှိနေကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။

“အဲ့ကိစ္စကို ကျနော်တို့ ဖြေရှင်းဖို့ကြိုးစားနေတာရှိတယ် FGWMက တာဝန်ရှိသူများကို ဆက်သွယ်နိုင်ဖို့တော့ ကြိုးစားနေတယ် ဒီကိစ္စက နားလည်မှုလွဲတယ်လို့ ထင်တယ် ၊ဖြေရှင်းဖို့တော့ ကြိုးစားနေတယ် ခြိမ်းခြောက် ပြောဆိုသွားတာမျိုးတော့ မရှိပါဘူး သုံးထားတဲ့လိပ်စာကဒ်က ကျနော်တို့ကဒ်ပဲ ကဒ်မှာပါတဲ့ အေးမြတ်ဖြူဆိုတာက ကျနော်တို့အဖွဲ့ကလူပဲ သူ့အနေနဲ့တော့ ဒါမျိုးပြောခဲ့တာမရှိဘူးလို့ ကျနော်တို့သိရတယ် သူတို့တွေ့ခဲ့တဲ့ အလုပ်သမားတွေလဲ ကျနော်တို့ ပြန်မေးထားတာတွေရှိတယ် အဲ့လိုပြောခဲ့လားပေါ့ ကျနော်တို့ အနေနဲ့တော့ ဖြေရှင်းသွားမှာပါ သူတို့ဘက်က သက်သေရှိတယ်ဆိုရင်တော့ ထုတ်ပြပေးဖို့ လိုတာပေါ့လေ အခုတော့ ကျနော်တို့ အနေနဲ့ စာထုတ်ဖို့ လုပ်နေပါတယ်”ဟု ဖြေကြားသည်။

ထို့အတူ FGWM၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ မမိုးစန္ဒာမြင့်ကို CJ Platform မှ ဆက်သွယ်မေးမြန်းရာတွင် “သူတို့အနေနဲ့ မဟုတ်ရင် မဟုတ်တဲ့အကြောင်းကို တရားဝင်ထုတ်ပြန်ပေါ့နော်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား အခွင့်အရေးနှင့် ရပိုင်ခွင့်များ များစွာ ဆုံးရှုံးနစ်နာခဲ့ရပြီး နစ်နာမှုများအပေါ် အရေးဆို တောင်းခံသည့် အလုပ်သမားများမှာလည်း စက်ရုံအသီးသီးမှ အလုပ်ထုတ်ခံခဲ့ရသည့် အခြေအနေများကို ကြုံတွေ့ခဲ့ရသည်။

ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #FGWM #MICS #အလုပ်သမား