အသင်းအဖွဲ့ ဥပဒေသစ်ပြဌာန်းပြီးနောက် လူမှုကူညီရေးအသင်းများ အချက်အလက်များအား စစ်ကောင်စီတောင်းယူ

Author ကိုပေါက်
Categories
Published on Dec 11, 2022

စစ်ကောင်စီမှ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ် ပြဌာန်းပြီးနောက် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့အစည်းများ၏ ကိုယ်ရေးအချက်အလက်များကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ပေးပို့ရမည်ဟု စစ်ကောင်စီမှညွှန်ကြားထားကြောင်း ပရဟိတအဖွဲ့အစည်းများထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လူမှုရေးအသင်းအဖွဲ့များအား စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးက ခေါ်ယူတွေ့ဆုံကာ အသင်းအဖွဲ့များအတွင်းရှိ အသင်းဝင်များအပါအဝင် အဖွဲ့အစည်း တစ်ခုလုံးရှိ အချက်အလက်များအား ပေးအပ်ရန်ပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်ဟု ပရဟိတ လုပ်ဆောင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“အဓိက ခေါ်ပြောတာ မှတ်ပုံတင်ဖို့ အသစ်ပြဌာန်းထားတဲ့ အသင်းအဖွဲ့ ဥပဒေတွေကို လေ့လာဖို့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ဖို့ ဒီလောက်ပဲ “ဟု ပြောသည်။

စစ်ကောင်စီက ၎င်းတို့သဘောကျ ပြန်လည်ရေးဆွဲထားသည့်အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေကို လက်ခံနိူင်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်သည့်ကိစ္စကို စဥ်းစားနေရသည်ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုက CJ Platform ကို ပြောသည်။

“စစ်တပ်က ပရဟိတအဖွဲ့ စိုးမိုးထားတဲ့ပုံစံ အရပ်ဘက်အဖွဲ့အစည်းကို လွှမ်းမိုးထားတဲ့ပုံစံပါ လက်ရှိဥပဒေကို သေချာဖတ်နေပါတယ် အဆင်မပြေရင် ပရဟိတအဖွဲ့က နားပါမယ်”ဟု ရှင်းပြသည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ရက်က အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်၌ ပြဌာန်းခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က ဖျက်သိမ်းကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က အသစ် ပြဌာန်းလိုက်တာ ဖြစ်သည်။

လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းအတွင်း အသင်းအဖွဲ့ပေါင်း ငါးရာနီးပါးရှိပြီး အသင်းအဖွဲ့ မှတ်ပုံတင်ရန်အတွက် လေ့လာနေကြသူများလည်းရှိသည်ဟု သိရသည်။

ဓာတ်ပုံ- CJ
ပုံစာညွှန်း- ပရဟိအဖွဲ့တစ်ခုမှ ကူညီပေးနေမှု မြင်ကွင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အသင်းအဖွဲ့ #ဥပဒေ