နမ့်ဆန် ငါးရက်တာတိုက်ပွဲကြောင့် ဒေသခံ ၁၄၀၀ကျော် စစ်ရှောင်နေရ

Author ခေတ်နီ
Categories
Published on Dec 11, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် ငါးရက်တာ ကာလအတွင်း ဒေသခံ ၁၄၀၀ကျော် စစ်ဘေး တိမ်းရှောင်နေရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

နမ့်ဆန်မြို့နယ် အတွင်းရှိ ရဝ်ဘြာန်း(ကုန်းသာ)ကျေးရွာအနီးကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ရဟတ်ယာဥ်ဖြင့် လူချကာ TNLAစခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကုန်းသာ ၊ဟူမန်း၊ မန်လုံးနှင့် တာလတ်ရွာမှ ဒေသခံ ၁၄၀၀ ကျော်သည် ဘေးလွတ်ရာဒေသများကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်၏ လမ်းပိတ်ဆို့ကာ ဖမ်းဆီးနေမှုများကြောင့် ကားလမ်းမများမှ မသွားရဲပဲ တောလမ်းများမှသာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

“အရပ်သား ထိခိုက်မှုကတော့ အဲ့တကြောမှာရှိတဲ့ ရွာအကုန်ရှောင်နေရတာပဲ ကုန်းသာမှာလဲ လက်နက်ကြီးကြောင့်လား သူတို့မီးရှို့တာလား မသိ အိမ်တချို့တော့ မီးလောင်သွားတာ ရှိတယ်”ဟု TNLAသတင်းနှင့် ပြန်ကြားရေးဌာန မှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်မှ CJ Platform သို့ပြောသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်လာသူများ အတွင်းမှာ ကလေးငယ်များကိုယ်ဝန်ဆောင်အမျိုးသမီးများ၊နှင့် မသန်စွမ်းသူများပါဝင်နေပြီး စစ်ကောင်စီတပ်မှ ကုန်းသာရွာအတွင်းရှိ လူနေအိမ် ၅အိမ်နှင့် ဘုန်းကြီးကျောင်း၏ ဆွမ်းစား ဆောင်တစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးထားပြီး သက်ကြီးရွယ်အိုတချို့လဲ ကျေးရွာအတွင်း ပိတ်မိနေလျက်ရှိကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နမ့်ဆန် #TNLA