တိုင်းပြည်နှင့် ပြည်သူလူထုသည် နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခထဲတွင် လူ့အခွင့်အရေးချိုး ဖောက်ခံရမှု အမြင့်ဆုံးရောက်နေကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Dec 10, 2022

တိုင်းပြည်နှင့် ပြည်သူလူထုသည် နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခထဲတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံးရောက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးက ပြောကြားသည်။

ယနေ့တွင် ကျရောက်သည့် ၇၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းနားတွင် ယာယီသမ္မတ ဒူဝါလရှီးလက အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ဒီမိုကရေစီဟု ပြောပါက လူ့အခွင့်အရေးသည် တွဲဖက်ပါ၀င်လာကြောင်း၊ လစ်ဘရယ် ဒီမိုကရေစီ ကျင့်ထုံးနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း တန်ဖိုးထားသော လူသားဖြစ်တည်မှုကို တန်ဖိုးထား လေးစားကျင့်ထုံး ဓလေ့များ ပေါ်ထွက်လာရန်လိုကြောင်း ယာယီသမ္မတက ဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာနှင့် လုပ်ပိုင်ခွင့်ကို စည်း၊ ဘောင်၊ ဥပဒေ အသုံးပြုသည့် ဓလေ့နည်းပါးခဲ့သည့်အတွက် အာဏာကို လက်လွှတ်စပယ် အသုံးချပြီး လူအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး၊ နှိမ့်ချ စော်ကားခြင်းအမှုများကို အကန့်အသတ်မရှိ ကျူးလွန်ကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

အထူးသဖြင့် လက်နက်၊ အာဏာနှင့် အကျိုးစီးပွားကို ဗဟိုပြုတည်ဆောက်ထားသည့် မြန်မာ့စစ်တပ်ကဲ့သို့ စစ်အုပ်စုသည် ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုကို တာ၀န်ယူမှု၊ တာ၀န်ခံမှု မဲ့စွာ ကျူးလွန်နေကြောင်း၊ တိုင်းပြည်နှင့် ပြည်သူလူထုသည် နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခကာလထဲတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံး ကျရောက်နေကြောင်း ယာယီသမ္မတကပြောကြားသည်။

ထို့ကြောင့် စစ်အာဏာရှင် စနစ်ဆိုမှ မွေးထုတ်ပေးလိုက်သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၀င်နှင့် တော်လ်ှရေးအစုအဖွဲ့အသီးသီးသည် အမြစ်ပြတ် တော်လှန်ရန် စုဖွဲ့ထားပြီးဖြစ်ကြောင်း ယာယီသမ္မတကပြောကြားသည်။

ထို့ပြင် နွေဦးတော်လှန်ရေး လျင်လျင်မြန်မြန် နှင့် အောင်ပွဲခံနိုင်ပြီး လက်ရှိတည်ဆဲ စစ်ရေးပဋိပက္ခများ ချုပ်ငြိမ်းနိုင်အောင်လုပ်မှသာ ပြည်သူလူထုသည် လူ့အခွင့်အရေးနှင့် အနှစ်သာရကိုခံစားရမည်ဖြစ်ကြောင်း၊ ပဋိပက္ခသက်တမ်း ရှည်ကြာလသည်နှင့်အမျှ လူ့အခွင့်အရေးသည် တဖြည်းဖြည်း ယုတ်လျော့ကျဆင်းလာလေလေ ဖြစ်ကို သတိချပ်ရမည်ဟု ယာယီသမ္မတက ပြောကြားသည်။