ကိုဗစ်ချေးငွေ မဆပ်သည့် CDM ၀န်ထမ်းများကို စစ်ကောင်စီက တရားစွဲမည်ဟုဆိုကာ အကျပ်ကိုင် တောင်းနေ

Author လင်းခိုင်
Categories
Published on Dec 10, 2022

ကိုဗစ်ချေးငွေ မဆပ်သည့် CDM ၀န်ထမ်းများကို စစ်ကောင်စီက တရားစွဲမည်ဟုဆိုကာ အကျပ်ကိုင် တောင်းနေကြောင်း CDM ၀န်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီသည် COVID-19 ကပ်ရောဂါ ချေးငွေနှစ်လစာကို ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ကာ CDM ၀န်ထမ်းများထံမှ တောင်းဆိုနေခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ပြန်လည်ပေးဆပ်ခြင်းမရှိသူများကို ရဲများ၊ ရပ်ကွက်ရုံးများမှ တဆင့် စာပေးပို့ပြီး တရားစွဲဆိုမည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကနေ ရဲစခန်းက လှမ်းခေါ်တယ်။ မပေးရင် တရားစွဲမယ်ဆိုလို့ပေးလိုက်ရတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ အမည်မဖော်လိုသူ CDM တစ်ဦးက CJ Platform သို့ပြောကြားသည်။

စစ်ကော်စီလက်အောက်ခံ ဌာနများမှ CDM ၀န်ထမ်းများထံသို့ COVID-19 ကပ်ရောဂါ ချေးငွေနှစ်လစာ ပြန်လည်တောင်းခံထားသည့် စာတွင် ၀န်ထမ်းရာထူးက နှုတ်ထွက်ပါက ချေးငွေကို အပြေအကျေဆပ်ပြီးမှ နှုတ်ထွက်ရန်နှင့် ပြန်လည်ပေးဆပ်ခြင်းမရှိပါက ဥပဒေအကြောင်းအရ တရားစွဲဆိုသွားမည်ဟု ဖော်ပြထားသော်လည်း မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုမည်ကိုတော့ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

“ကျွန်မကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ စာလာပို့တယ်။ ဌာနကနေတော့ စာလာမပို့ဘူး။ စာထဲမှာ တရားစွဲမယ်ဆိုတာ ပါတယ်။ အဲ့ပိုက်ဆံက ကျွန်မတို့ အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ချီးမြှင့်ငွေအဖြစ် အသိအမှတ်ပြုထားပြီးသား၊ ပြီးတော့ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်မှာဆိုးလို့ မပေးတာ၊ အခုတော့ တရားစွဲမယ်ဆိုတဲ့ စာပို့တော့ မတတ်နိုင်တော့ဘူး” ဧရာ၀တီတိုင်းအတွင်းရှိ အမည်မဖော်လိုသူ CDM တစ်ဦးက CJ Platform သို့ပြောကြားသည်။

NLD အစိုးရလက်ထက်တွင် COVID-19 ကပ်ရောဂါ ကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ၀န်ထမ်းများကို လစာ ၂ လစာ ကြိုထုတ်ပေးပြီး အတိုးမဲ့ချေးငွေအဖြစ် ၂၀၂၀ အောက်တိုဘာတွင် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအတိုးမဲ့ချေးငွေ နှစ်လစာအား ၀န်ထမ်းများအတွက် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ပြီး ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချေးငွေအဖြစ် တရား၀င်သတ်မှတ်ကြောင်း ၂၀၂၁ ခုနှစ် မေလတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်းခြောက်တောင်းဆိုမှုများကို အသိအမှတ်ပြုရန် မလိုကြောင်း ဆိုထားသည်။