မြောင်းမြမြို့ NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှစ်ဦး စစ်ကောင်စီ၏ နိုင်ငံရေးပင်စင်ရယူထားကာ စစ်တပ်အသိုင်းအဝိုင်းနှင့် ပူးပေါင်းနေ

Author စကားဝါ
Categories
Published on Dec 09, 2022

 

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့ NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနှစ်ဦး စစ်ကောင်စီက ပေးသည့် နိုင်ငံရေးပင်စင်ကိုရယူကာ စစ်တပ်အသိုင်းအဝိုင်းနှင့် ပူးပေါင်းနေကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။

မြောင်းမြမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၀င်းသည် NLD အစိုးရလက်ထက်တွင် ကုမ္ပဏီများထံမှ အစုရှယ်ယာများကို ရယူထားပြီး အမည်ပျက် ထားသူတစ်ဦးဖြစ်ကာ၊ လက်ရှိ စစ်ကောင်စီကပေးသည့် နိုင်ငံပင်စင်ကိုလည်း ရယူထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီအာဏာ သိမ်းတော့ ပျောက်သွားပြီး အဝေးကနေ ဟိုလိုလိုဒီလို ထိန်းပေးသလို ညှိပေးသလိုလုပ်တယ်။ အခုတော့ non CDM တစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ ပြီးတော့ စစ်ကောင်စီပေးတဲ့ နိုင်ငံရေးပင်စင်ကိုလဲ ထုတ်စားတဲ့အထဲ သူပါတယ်။ ပြည်သူတွေဆီကအယူချည်းပဲ၊ အခုလို တိုင်းပြည်အခြေအနေမျိုးမှာ လုပ်ရက်တယ်။ အတော်ကို ရွံစရာကောင်းတဲ့သူတွေ” ဟု မြောင်းမြဒေသခံ တစ်ဦးက CJ Platform သို့ပြောသည်။

ထို့ပြင် မြောင်းမြမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခိုင်ဇင်ဦးသည်လည်း ပြည်ခိုင်ဖြိုးပါတီ ဧရာ၀တီတိုင်း အတွင်းရေးမှူး ယခင် ဦးသိန်းစိန်အစိုးရ လက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဟောင်း ဦး၀င်းကိုကို နှင့်အတူ ပူးပေါင်းနေပြီး ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၀င် အဖြစ်ရရှိရန် ကြိုးစားနေကြောင်းလည်း ဒေသခံများက ပြောကြားသည်။

“ဒေါ်ခိုင်ဇင်ဦးဆိုရင်လည်း စစ်တပ်အာဏာစသိမ်းတော့ အရှေ့ဆုံးကနေ အမေဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ ဘာညာလုပ်တယ်။ နောက်တော့ ကြံ့ဖွံ့နဲ့ပေါင်းပြီး ဧရာ၀တီတိုင်းအစိးရအဖွဲ့မှာ နေရာတစ်ခုရမလားဆိုပြီးလုပ်တယ်။ အခု စစ်တပ်ကပေးတဲ့ နိုင်ငံရေးပင်စင်ကိုယူပြီးတော့ သူ့ဇာတိမြို့မှာ အရက်ဘားတစ်ခုဖွင့်ထားတယ်။အဲ့ဒီ အရက်ဘားမြေနေရာက အရင် လယ်ယာမြေ အဲ့ဒါ ပါတီရုံးဆောက်ဖို့လဲ လှူသလိုလိုနဲ့ မြေနည်းနည်းပိုင်းပေးပြီး သူက အရက်ဘား ဖွင့်လိုက်တာ၊ နိုင်ငံရေးကို ခွေးတိုးပေါက်ကနေ ၀င်တဲ့သူတွေ” ဟု ဒေသခံ တစ်ဦးက CJ Platform သို့ပြောကြားသည်။

ထိုကဲ့သို့ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် ပူးပေါင်းပြီး လုပ်ပိုင်ခွင့်ရယူခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များရှိသော်လည်း စစ်ကောင်စီကို အာဏာသိမ်းမှုကို လက်မခံသည့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို စစ်ကောင်စီက မတရားပုဒ်မများတပ်ပြီး ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခဲ့သည်။

စစ်ကောင်စီသည် ယခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် တာ၀န် ထမ်းဆောင်ခဲ့သူများကို နိုင်ငံရေးပင်စင် လျှောက်ထားခွင့်ပြုပေးခဲ့ပြီး၊ ယင်းထဲတွင် NLD ပါတီမှ ၂၁၇ ဦးအထိ ပါ၀င်ခဲ့ကာ ဧရာ၀တီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #မြောင်းမြမြို့နယ်

Related News

Depend on news