တောင်သူများအား အကြွေးမဆပ်နိုင်ပါက ထမင်းတစ်နပ်လျှော့စားရန် ပြောကြားခဲ့သည့် လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်မှ ယခု စားနပ်ရိက္ခာ လုံလောက် ပိုလျှံနေသည်မှာ ယခင်စစ်အစိုးရ၏ ဆောင်ရွက်ချက်ကြောင့်ဟု ပြောကြား

Author လင်းခိုင်
Categories
Published on Dec 08, 2022

 

ပြည်သူများ စား၀တ်နေရေးခက်ခဲနေချိန် ဆန်ရေစပါး ပေါကြွယ်ဝပြီး စားနပ်ရိက္ခာ လုံလောက်ပိုလျှံနေမှုသည် ယခင်စစ်အစိုးရ အမျှော်အမြင်ရှိမှုဖြစ်ပြီး၊ လူများက ကျေးဇူးကြီးမားမှုကို မြင်အောင်မကြည့်နိုင်ဟု ယခင် ဦးသိန်းစိန် အစိုးရလက်ထက် လယ်ဆည်ဝန်ကြီးဟောင်း ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာ ကော်မတီတာ၀န်ခံ ဦးမြင့်လှိုင်က ယင်းပါတီ၀င်များကို ဝါဒဖြန့် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၇ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် ဦးမြင့်လှိုင်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် ဒီနေ့ စားနပ်ရိက္ခာ လုံလောက် ပိုလျှံမှုမရှိဘူးလားဗျာ၊ ရှိတယ်။ တပ်မတော်အစိုးရ သက်တမ်းကာလမှာ နိုင်ငံစားရေးရိက္ခာအတွက် ဆည်၊ တာ၊ တမံတွေ တည်ဆောက်ပေးခဲ့တယ်။ မိုးစပါး၊ နွေစပါးစိုက်ပျိုးနိုင်လို့ ဒီနေ့ စားနပ်ရိက္ခာမပြတ်လတ်ပဲနဲ့ ရပ်တည်နိုင်တယ်ဆိုတာ တပ်မတော်အစိုးရက အမျှော်အမြင်ကြီးမားစွာ တောင်သူတွေကို တွန်းအားပေး စိုက်ခိုင်းခဲ့တာကြောင့် ဒီနေ့ စားနပ်ရိက္ခာဖူလုံနေတာ တပ်မတော်အစိုးရကို ကျေးဇူးတင်ဖို့မလိုဘူးလား” ဟု ဦးမြင့်လှိုင်က ဝါဒဖြန့် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၄ နာရီမီးလင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူမှု စီးပွားဘ၀ တိုးတက်လာမှုသည် တပ်မတော်၏ ကျေးဇူးများဖြစ်ကြောင်း ယင်းက ဆက်လက် ဝါဒဖြန့်ပြောကြားမှုများပြုလုပ်ခဲ့သည်။

“ လူတွေက ဒီလိုကျေးဇူးတာကို မြင်အောင်မကြည့်နိုင်ဘူး။ ကျွန်တော်က တပ်မတော်သားဟောင်း တစ်ယောက်ဖြစ်လို့ တပ်မတော် ကောင်းကြောင်း အမွှန်းတင်တာမဟုတ်ပါဘူး” ဟု ဦးမြင့်လှိုင်က ဝါဒဖြန့် ပြောကြားသည်။

“ အဲ့ကောင်တွေက သူတို့ကို ကျေးဇူးရှင်လို့ ထင်စေချင်တာ၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးယူပြီး လုပ်ချင်တိုင်းလုပ်၊ တိုင်းပြည်ကို ဆင်းရဲအောင်လုပ်ထားတဲ့ကောင်တွေက သူတို့လုပ်ထားတာ အကုန်မှန်တယ်ထင်နေတာ၊ တကယ့် လူ့အောက်တန်းစားတွေ” ဟု အင်းစိန်မြို့နယ်တွေ နေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီမှ တိုင်းပြည်အာဏာရယူခဲ့သည့်အချိန်တွင် တောင်သူလယ်သမားများ၏ ၀င်ငွေကို နှစ်ဆမှ လေးငါးဆထိ တိုးမြှင့်အောင်လုပ်ဆောင်ပေးခဲ့သော်လည်း ပြည်သူ အများစုသည် အတိတ်မေ့ရောဂါရရှိကာ ကျေးဇူးမတင်ပဲ အပြစ်တင်ကြကြောင်း ယင်းက ပြည်သူများကို ပုတ်ခတ်ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ၀င် ဦးမြင့်လှိုင်သည် အရှေ့မြောက်တိုင်း တိုင်းမှူးအဖြစ် စစ်အစိုးရလက်ထက်တွင် တာဝန်ယူခဲ့ပြီး၊ ၂၀၁၀ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ် မှ ဝင်ရောက် ရွေးချယ်ခံကာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်၊ ဆည်၀န်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
လည်ဆည်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ အကြွေး မဆပ်နိုင်သည့် တောင်သူများကို ထမင်းတစ်နပ်လျှော့စားပြီး အကြွေးဆပ်ရန် ပြောဆိုခဲ့ဖူးသည်။
၂၀၁၅ရွေးကောက်ပွဲတွင် NLDပါတီမှ ဦးသန့်စင်ထွန်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မှီ NLD အစိုးရလက်ထက်တွင် အစိုးရကို ပုတ်ခတ်ပြီး ဝါဒဖြန့် စာရွက်များ ဖြန့်ဝေခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးသန့်စင်ထွန်းကိုပင် မဲအပြတ်အသတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးမြင့်လှိုင်