လှည်းကူးတွင် စွန့်ပစ်ခံရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများကို ဘာသာရေးနှင့်အညီ သင်္ဂြိုဟ်ခွင့် မပေးဘဲ စစ်တပ်က မီးရှို့ပြီး သက်သေဖျောက်ဖျက်

Author မွန်လေး
Categories
Published on Dec 07, 2022

 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ဒီဇင်ဘာ ၅ ရက်က စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ အလောင်းများကို ဘာသာရေး ဓလေ့ထုံးစံနှင့်အညီ သင်္ဂြိုဟ်ခွင့် မပေးဘဲ စစ်တပ်လက်အောက်ခံ စည်ပင်က ယနေ့(ဒီဇင်ဘာ ၇ရက်) နံနက် ၅ နာရီတွင် မီးရှို့ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၆ ရက်တွင် ရုပ်အလောင်းများ ထုတ်ယူပြီး အစ္စလာမ်ဘာသာနှင့်အညီ သင်္ဂြိုဟ်ခွင့်ပြုရန် ကူညီဆောင်ရွက်ပေးသူများမှ တောင်းဆိုသော်လည်း စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် အလောင်းများကို မီးရှို့ရန်ညွှန်ကြားခဲ့ကြောင်း၊ ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံ၌ သေဆုံးသူများကို အစ္စလာမ်ဘာသာရေးနှင့်အညီ ၀တ်ပြုခွင့်ပေးမည်ဟု ဆိုသော်လည်း၊ ယင်းကဲ့သို့ပင် လုပ်ဆောင်ခွင့်မပြုတော့ဘဲ နံနက် ၅နာရီတွင် ရန်ကုန်မြို့တော်စည်ပင်က အလောင်းများကို ထုတ်ကာ မီးရှို့ပြီး သက်သေဖျောက်ခဲ့ခြင်းဖြစ်ဟု ရိုဟင်ဂျာရေး ကူညီလှုပ်ရှားသူများမှ ပြောသည်။

“အခုလိုလုပ်တာက သူတို့ သတ်ဖြတ်ထားတဲ့ အထောက်အထားတွေကို ဖျောက်ပစ်တာ၊ မြှုပ်နှံထားရင် ဘယ်အချိန်မဆို တူးဖော်ပြီး ခန္ဓာကိုယ်က အထောက်အထားတွေ ယူလို့ရတယ်။ ဒါကြောင့် မီးရှို့ပြီး အစအန ဖျောက်ပစ်တာ၊ နောက်တစ်ချက်က အခုလိုလုပ်တာက စစ်ကောင်စီရဲ့ ဘာသာရေးစော်ကားမှုလည်းဖြစ်တယ်။ စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတော့ ထင်တဲ့အတိုင်း အခုလိုလုပ်တာ”ဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးသူ ရိုနေဆန်းလွင်က CJ Platform သို့ပြောသည်။

စွန့်ပစ်ခံရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများကို ရန်ကုန်ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးပြီး ကန့်ကွက်သည့် အဖွဲ့အစည်းမရှိပါက ဘာသာရေးဓလေ့ထုံးစံများအရ သင်္ဂြိုဟ်ခွင့်ပြုမည်ဟု စစ်ကောင်စီဘက်က ပြောကြားမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် အလောင်းများကို မီးရှို့သင်္ဂြိုဟ် လိုက်ခြင်းဖြစ်သည်။

“အစကတော့ ဆေးရုံကြီးကလူတွေပြောတာ အစ္စလာမ်ဘာသာအတိုင်း သင်္ဂြိုဟ်ခွင့်ပြုမယ် ဆိုပြီးပြောတာ၊ နောက်တော့ တိုင်းမှူးအမိန်ပေးတယ်ဆိုပြီးတစ်မျိုးပြောင်းတယ်။ စစ်တပ်လက်ထဲအာဏာရှိနေတယ်။ လက်နက်ရှိနေတယ်။ တောက်လျှောက်ဖိနှိပ်လာတာ” ဟု ရိုနေဆန်းလွင်က ပြောကြားသည်။

သေဆုံးပြီးနောက် စွန့်ပစ်ခံရသည့် ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏အလောင်းများတွင် အရိုက်ခံထားရသည့် ဒဏ်ရာများ၊ ရေစိမ်ခံထားရသည့် ဒဏ်ရာများ၊ ချုပ်ရိုးများ၊ စစ်ဖိနပ်ဖြင့် ကန်ထားသည့် ဒဏ်ရာများကို တွေ့ရှိခဲ့ကြောင်း လည်းသိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းဌာနများတွင်မှု ယင်းသေဆုံးမှုသည် အောက်စီဂျင်ပြတ်တောက်မှုကြောင့် သေဆုံးခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖိနှိပ်ခွဲခြား ဆက်ဆံခံရခြင်းနှင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းများကြောင့် ရိုဟင်ဂျာများသည် မြို့ပြဒေသများသို့ ရွှေ့ပြောင်းလာသော်လည်း မကြာခဏ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရလေ့ရှိသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရိုဟင်ဂျာ #အလောင်းဖျောက်ဖျက်