ရွှေရောင်စက္ကူဖြင့် ပတ်ထားသော ချောကလက်များ စားပြီးနောက် ကလေးငယ်နှစ်ဦးနှင့် လူငယ်သုံးဦး မူးဝေအော့အန်၍ ဆေးကုနေရ

Author မေ
Categories
Published on Dec 07, 2022

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ရွှေရောင်စက္ကူဖြင့် ပတ်ထားသော ချောကလက်များ စားပြီးနောက် ကလေးငယ်နှစ်ဦးနှင့် လူငယ်သုံးဦး မူးဝေအော့အန်၍ ဆေးကုနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာ ၇ ရက်) နေ့လည်က တာချီလိတ်မြို့  ရန်အောင်မြေ ပါလျှံ ၁ရပ်ကွက်၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းအနီးရှိ အိမ်ခန်းဌားတစ်ခု၌ နေထိုင်ကြသော ကလေးငယ် နှစ်ဦးနှင့် လူငယ် သုံးဦးတို့မှာ ရွှေရောင်စက္ကူဖြင့် ပတ်ထားသော ချောကလက်များ စားမိရာမှ မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” သူတို့က အိမ်နီးချင်းတွေပါ။ ချောကလက်ကို စားပြီး မူးဝေအော့အန်တာတွေ ဖြစ်လာလို့ ဆေးကုသမှု ခံယူဖို့ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ “ဟု ဦးလှမိုး တာချီလိတ်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေရောင်စက္ကူဖြင့် ပတ်ထားသော ချောကလက်ကို စားမိခဲ့သူများ၌ အသက်တစ်နှစ်ကျော်နှင့် နှစ်နှစ်ကျော် ကလေးနှစ်ဦး ပါဝင်ပြီး အသက် ၂၁နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၁၇နှစ်အရွယ် အမျိုးသားငယ် တစ်ဦး စုစုပေါင်း ငါးဦးတို့ မူးဝေအော့အန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆက်လက်၍ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဓာတ်ပုံ- ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း