ဘွဲ့ထောက်ခံစာအချို့တွင် စာမေးပွဲအောင်မြင်သည့် ခုနှစ် နေရာတွင် အာဏာမသိမ်းမှီ ခုနှစ်များအား လာဘ်ငွေယူကာ ပြောင်းလဲရေးသားပေးနေ

Author ခေတ်နီ
Categories
Published on Dec 07, 2022

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်များတွင် နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုပြီး အောင်မြင်ခဲ့သူများ၏ ယာယီ ဘွဲ့လက်မှတ်ထောက်ခံစာများတွင် အာဏာမသိမ်းမီကာလက ခုနှစ်များကို လာဘ်ပေးလာဘ်ယူပြုလုပ်ကာ ပြောင်းလဲပေးမှုများရှိနေကြောင်း စစ်ကောင်စီ၏ အဆင့်မြင့်ပညာဦးစီးဌာန အသိုင်းအဝန်းမှ သိရသည်။

၂၀၂၀ခုနှစ်တွင် တက္ကသိုလ်များ၌ စာမေးပွဲဖြေဆိုနေချိန် မြန်မာနိုင်ငံအတွင်း ကိုဗစ် 19ရောဂါ ဖြစ်ပွားလာမှုကြောင့် ဖြေဆိုမှုများရပ်နားခဲ့ရသည်။ ယင်းနောက် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်လာခဲ့ပြီး ထိုစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDMလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး စစ်ကောင်စီမှ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာတွင် Non -CDM ပြုလုပ်ကာ စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့သူများ၏ ယာယီဘွဲ့ထောက်ခံစာများတွင် ဖြေဆိုအောင်မြင်သည့် ခုနှစ်အား အာဏာမသိမ်းမီကာလ ခုနှစ်များကို Non -CDMဝန်ထမ်းများမှ လာဘ်ပေး လာဘ်ယူပြုလုပ်ကာ ပြောင်းလဲပေးနေတာပဲ ဖြစ်သည်။

“အဲ့တာတွေက ကျနော်တို့ ကြားနေတာကြာပြီ ဘယ်လိုဖြစ်နေလဲဆိုတော့ အရင်ကလို မေးခွန်းလိုက်ကြီး ချပေးပြီး ဖြေခိုင်းတာပေါ့၊ ပြီးတော့ အခုကဘွဲ့လက်မှတ်တွေမှာ ကျောင်းဘက်ကနေပြီး တရားဝင်နီးပါးဗျာ ပိုက်ဆံယူပြီး အာဏာမသိမ်းခင်ကခုနှစ်တွေပြောင်းပေးနေတယ်ပေါ့လေ၊ အဲ့လိုပြောင်းပြီးတချို့ကြ နိုင်ငံခြားကိုထွက်ဖို့လုပ်တယ်ပေါ့ တချို့ဆို စကော်လာပါလျှောက်ကြတယ်ပေါ့ လိမ်လည်ပြီးတော့ပေါ့ “ဟု Non -CDM ကျောင်းသားများ၊ ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးမှ CJ Platform ကိုပြောသည်။

ထိုသို့ တက္ကသိုလ်များတွင် လာဘ်ပေးလာဘ်ယူပြုလုပ်နေမှုများသည် နိုင်ငံအတွင်းရှိ တက္ကသိုလ်အများစုတွင် ဖြစ်ပေါ်နေပြီး ထိုသို့ပြောင်းလဲပေးမှုသည် ဘွဲ့ထောက်ခံစာတွင်သာပြော င်းလဲပေးမှုသာ ဖြစ်ပြီး ကျောင်းသားရေးရာရှိ စာရင်းများတွင်တော့ ပြောင်းလဲပေးမှုမရှိကြောင်းကိုလည်း CJ Platform မှ စုံစမ်းသိရှိထားသည်။

” အဓိကကတော့ အာဏာသိမ်းပြီးနောက်ပိုင်း မှာ ကျောင်းတစ်ခါဖွင့်တယ် အဲ့အသုတ်လို့ကြားတယ် ဒီလိုမျိုး ပေးနေတာကို စစ်ကောင်စီဘက်ကနေလဲ ခွင့်ပြုပေးတာရှိတယ်လို့လဲ ကြားတယ် သူတို့ဘက်က ဒီကောင်တွေကို လုပ်ပေးနေတာက နိုင်ငံရေး ဘာညာကြောင့် ရှောင်လာရတယ်ဆိုပြီး လိမ်ပြီး နိုင်ငံခြားကကျောင်းတခုခုမှာ စကော်လာရဖို့ ဆိုပြီးကြားတယ် အထူးသဖြင့် သူတို့ရဲ့ အဝန်းအဝိုင်းထဲကလူတွေပေါ့ ဒါက ကျတော်တို့ အင်ယာကျောင်းရပ်ဝန်းမှာတင်မဟုတ်ဘူး တချို့ဝိဇ္ဇာသိပ္ပံတွေမှာလဲရှိနေတယ်ဆိုပြီး သတင်းတွေရတယ်”ဟု သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စာမေးပွဲ ဖြေဆိုအောင်မြင်သူများအနေဖြင့် ဘွဲ့ထောက်ခံစာများတွင် ယခုလို ခုနှစ်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ငွေကြေးသိန်းဆယ်ဂဏန်းဝန်းကျင်ကို Non-CDMဝန်ထမ်းများကို လာဘ်ငွေအဖြစ် ပေးရကြောင်းလဲ သိရသည်။

ယခုလိုမျိုး လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေမှုများအပေါ် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တစ်ခုမှ CDM ပြုလုပ်ထားသည့် ကထိက ဆရာမ တစ်ဦးမှလည်း ယခုလိုမှတ်ချက်ပြုထားသည်။

“ဒါကတော့ မလုပ်သင့် တဲ့ လုပ်ရပ် လိုက်နာရမယ့်ကျင့်ဝတ် စောင့်ထိန်းရမယ့်စည်းကမ်းကို ချိုးဖောက်တယ်လို့မြင်တယ် နောက်တခုက ဒါဟာသိသာထင်ရှားပြီးဆိုးဝါးတဲ့ အဂတိတစ်ခုပဲ
အချောင်သမားတွေကို မွေးထုတ်ပေးတဲ့လုပ်ရပ် professional တွေကို စျေးပေါပေါနဲ့မွေးထုတ်ပေးနေတာ လို့ပဲ မြင်တယ်”ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကဖွင့်လှစ်သည့် တက္ကသိုလ်များကိုတက်ရောက်သည့်
ကျောင်းသားများအပေါ် CDMကျောင်းသားများနှင့် ပြည်သူများမှ ဝေဖန်မှုများရှိနေပြီး ယခုလို ဖြစ်ရပ်များဖြစ်ပေါ်နေမှုအပေါ်မှာလည်း ဝေဖန်မှုများ မြင့်တက်လျှက်ရှိသည်။

ယင်းကဲ့သို့ ဘွဲ့ထောက်ခံစာများတွင် စာမေးပွဲအောင်မြင်သည့် ခုနှစ်အား ပြောင်းလဲ ထုတ်ပေးထားသည့် ကျောင်းသား နှစ်ဦး၏ အမည်နှင့် ၎င်းတို့ တက်ရောက်အောင်မြင်ခဲ့သည့် ခုနှစ် ၎င်းတို့ ထုတ်ယူထားသည့် ဘွဲ့ထောက်ခံစာ အချက်အလက်များအား CJ Platform မှ ရရှိထားသော်လည်း ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရမည့် ကိစ္စရပ်ဖြစ်သဖြင့် သတင်းတွင် သီးခြား ထည့်သွင်း ဖော်ပြထားခြင်း မရှိပါ။
ဓာတ်ပုံ- Google
ပုံစာညွှန်း- ပုံအဟောင်းအား အသုံးပြုထားပါသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကျွန်ပညာရေး #ဘွဲ့ထောက်ခံစာ