ဆားလင်းကြီးမြို့နယ်တွင် မီးပတ်ရှို့နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 07, 2022

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကျေးရွာများရှိ နေအိမ်များကို မီးပတ်ရှို့နေသည့် စစ်ကောင်စီစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်၀င်နဂါးတပ်တော်က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာ ၆ ရက် နံနက် ၇ နာရီအချိန်တွင် ဆားလင်းကြီးမြို့နယ်၊ တရားကျေးရွာကို ဖျက်ဆီးလာပြီးနောက် တရားကျေးရွာနှင့် ရှမ်းကိုင်ကျေးရွာအကြားတွင် PDF ပူးပေါင်းတပ်များက စက်လက်နှင့် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၅ယောက်ခန့်ကျဆုံးခဲ့ပြီး အချိန် ၁၅ မိနစ်ခန့်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၆ ရက် ညနေ ၃နာရီခန့်အချိန်တွင် ရှမ်းကိုင်းကျေးရွာမှ ထွက်လာသည့် ယင်းစစ်ကောင်စီ စစ်ကြောင်းကို ရွှေဘုံသာကျေးရွာ မရောက်မီတွင် PDF ပူးပေါင်းတပ်များက PD၊ LL၊ စက်လက်နှင့် လက်နက်ငယ်များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ဦးခန့် ကျဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခိုက် ကျဆုံးမှု များပြားခဲ့သည့် စစ်ကောင်စီတပ်များသည် ရှမ်းကိုင်ကျေးရွာ၊ အုန်းတောကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရိတ်သိမ်းထားသည့် ပြည်သူ့ ကောက်ပဲသီးနှံများ၊ ထွန်စက်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တိုင်းပြည် အနာဂတ်အတွက် မြန်မာ့တော်၀င်နဂါးတပ်တော်အနေဖြင့် အစဉ်မပြတ်ကြိုးစားလျက်ရှိပြီး၊ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ယခင်ထက် ကြိုးစားသွားမည်ဟု ထုတ်ပြန်ထားသည်။

အထက်ပါ စစ်ဆင်ရေးကို မြန်မာ့တော်၀င်နဂါးတပ်တော်အပြင်၊ Salingyi Special Task Force၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ တို့မှ အထူးလက်ရွေးစင်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-MDRA
ပုံစာညွှန်း- မြန်မာ့တော်၀င်နဂါးတပ်တော် ရဲဘော်များအားတွေ့ရစဉ်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ဆားလင်းကြီး