ဂွမြို့နယ် ဘောလုံးကွင်းအား ဖျက်ပြီး စစ်ကောင်စီမှ ရဟတ်ယာဥ်ကွင်း တည်ဆောက်နေ

Author ခေတ်နီ
Categories
Published on Dec 03, 2022

ရခိုင်ပြည်နယ်၊ ဂွမြို့  မြို့နယ်ဘောလုံးကွင်းအတွင်း စစ်ကောင်စီမှ ရဟတ်ယာဉ် ဆင်းသက်ရန်အတွက် ရဟတ်ယာဥ်ကွင်း တည်ဆောက်လုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့နယ် ဘောလုံးကွင်းအတွင်းမှာ စစ်ကောင်စီ၏ ညွှန်ကြားမှုဖြင့် ရဟတ်ယာဥ်ကွင်းတစ်ခုကို ယမန်နေ့မှ စတင်ကာ ဆောက်လုပ်နေခဲ့ခြင်းဖြစ်ပြီး၊ မကြာခင် ပြုလုပ်ရန် ရှိနေသည့် ဂွမြို့နှင့် မကျေးငူကို ဆက်သွယ်ထားသည့် တံတားဖွင့်ပွဲအား စစ်ကောင်စီခေါင်းဆောင်အချို့ လာရောက်ရာတွင် ရဟတ်ယာဉ် ဆင်းသက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

“သူတို့က ကွင်းကို ၆ လက်မ နိမ့်ဆောက်ပေးမယ်ပြောတယ် ပြီးရင် မြေပြန်ဖို့ပေါ့ အဲ့လိုကလုပ်လို့မှ မရတာ အောက်က ဘိလပ်မြေထုကို ၆ လက်မ မြေပြန်ဖုံးပေးတော့ရော ပြန်ကန်လို့မှ မရတာ၊ ကွင်းက ၁၉၉၀ လောက်တည်းကကွင်း ပြိုင်ပွဲတွေလဲ အဲ့မှာပဲလုပ်ကြတာ” ဟု အဆိုပါကွင်းအနီး နေထိုင်သူ ဒေသခံတစ်ဦးမှ CJ Platform ကိုပြောသည်။

စစ်ကောင်စီအဖွဲ့ဝင်များ ဖွင့်ပွဲလာရောက်မည့် တံတားသည် ပြီးခဲ့သည့် NLDအစိုးရလက်ထက် ၂၀၁၈မှ စတင်ကာ တည်ဆောက်ခဲ့သည့် တံတားဖြစ်ပြီး ဂွမြို့တွင် ရဟတ်ယာဥ်ကွင်းများ ရှိနေသော်လည်း စစ်ကောင်စီအဖွဲ့ဝင်များမှ ၎င်းတို့လုံခြုံရေးအတွက် ဘောလုံးကွင်းကိုဖျက်ကာ ရဟတ်ယာဥ်ကွင်း တည်ဆောက်နေမှုအပေါ်ဒေသခံများမှ မကျေနပ်မှုများလည်း ရှိနေသည်။

“ကွင်းက ခြံစည်းရိုးအပြည့်ခတ်ထားတော့ သူတို့ဆင်းတဲ့အခါ လုံခြုံတယ်လို့ ယူဆလို့နေမှာပေါ့၊ ဒီမှာက လေယာဥ်ကွင်းဟောင်းမှာ ရဟတ်ယာဥ်ကွင်းတွေရှိတယ် ဒေသခံတွေကတော့ သိပ်မကျေနပ်ကြဘူး မကျေနပ်လဲ ဘာမှတော့ လုပ်မရဘူးလေ “ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ တံတားဖွင့်ပွဲအား စစ်ကောင်စီမှ မည်သူလာရောက်မည်ကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။