ကျေးရွာ လေးခုအား ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီ၏ မြေမြှုပ်မိုင်းအန္တရယ်ရှိနေကြောင်း KNDF ထုတ်ပြန်
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာ၊ သေးဆူလဲ၊ ပူဖားနှင့် ဒေါကမီကျေးရွာများကို ဒေသခံကာကွယ်ရေးတပ်များ ပြန်လည်ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ပြည်သူများ ၀င်ရောက်နေထိုင်ခြင်း မပြုသေးရန် KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။
နို၀င်ဘာ ၂၈ ရက်တွင် KNDF က ဦးဆောင်ပြီး ကရင်နီတပ်မတော် (KA) ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ၊ DMO PDF ၊ Loikaw PDF တို့နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကုန်းသာ၊ သေးဆူလဲ၊ ပူဖားနှင့် ဒေါကမီကျေးရွာများကို ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲခဲ့သည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ယင်းတို့ တပ်စွဲထားသည့် ကျေးရွာများမှ ဆုတ်ခွာခဲ့ပြီး ကုန်းသာကျေးရွာတွင် KRU တပ်များ နေရာယူနိုင်ခဲ့သည်။
ကုန်းသာ၊ သေးဆူလဲ၊ ပူဖားနှင့် ဒေါကမီကျေးရွာများရှိ အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါကျေးရွာများတွင် စစ်ဆင်ရေးမပြီးပြတ်သေးခြင်း၊ မြေမြှုပ်မိုင်း အန္တရာယ်ရှိနေခြင်းနှင့် လက်နက်ကြီးများ ကျရောက်သည့်အပြင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သဖြင့် ပြည်သူများ ကျေးရွာများသို့ အစောတလျင်ပြန်လည်၀င်ရောက်နေထိုင်ခြင်းမပြုရန် KNDF က နှိုးဆော်ထားသည်။
ထို့ပြင် ဒီဇင်ဘာ ၂ ရက်နေ့တွင် သေးဆူလဲကျေးရွာအတွင်း နေရပ်ပြန်၀င်ရောက်နေထိုင်သည့် ပြည်သူတစ်ဦး စစ်ကောင်စီက ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ နယ်မြေများသို့ ပြန်လည် ၀င်ရောက်နေထိုင်ခြင်းမပြုကြရန်နှင့် စစ်ရေးသတင်းထုတ်ပြန်ချက်များကို ဂရုတစိုက် စောင့်ကြည့်ပေးရန် KNDF က မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ-KNDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #KNDF #ကရင်နီပြည်