စစ်ကောင်စီက ဆက်တိုက်ဖိနေသည့် ဒေသများ ဆက်လက် တောင့်ခံနိုင်ရန် အခက်အခဲရှိကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Dec 01, 2022

စစ်ကောင်စီက ဆက်တိုက်ဖိနေသည့် ဒေသများ ဆက်လက်တောင့်ခံနိုင်ရန် အခက်အခဲရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ယနေ့တွင် ပြုလုပ်သည့် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတည်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးချုပ်က ယခုတစ်ပတ်အတွင်း တော်လှန်ရေးအနေအထားသည် နိုင်ငံရေး လှုပ်လှုပ်ခတ်ခတ်ဖြစ်လာသကဲ့သို့ စစ်ရေးပိုင်းတွင်လည်း ပိုမိုအားကောင်းလာသောနေရာများတွေ့ရကြောင်း၊ စစ်ရေးလှုပ်ရှားမှု များလာသည်နှင့် အမျှ ထိခိုက်နစ်နာသူပြည်သူများနှင့် အသက်ဆုံးပါးခဲ့ရသည့် ပြည်သူ့ဘက်တော်သားများ၏ သတင်းကိုကြားသိရသည့်အတွက် အင်မတန်စိတ်ထိခိုက်ရကြောင်း ပြောကြားသည်။

“ပြည်သူတွေရဲ့ ၀မ်းနည်းမှုတွေ ထိခိုက်မှုတွေကြားရတိုင်း ပြည်သူများထိခိုက်နစ်နာမှု ထပ်မဖြစ်စေရန် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်ဆုံး အဆုံးသတ်နိုင်အောင်လုပ်ရမှာဖြစ်တယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောသည်။

ထို့ပြင် တော်လှန်ရေးပြီးဆုံးသွားသည့်အချိန်တွင် နစ်နာဆုံးရှုံးခဲ့ရသောပြည်သူများကို အကောင်းဆုံး ကုစားပေးရန် ယခုအစိုးရနှင့် အသွင်ကူးပြောင်းရေးအစိုးရမှ သေချာစီစဉ်ပေးရန်လိုအပ်ကြောင်း ယင်းကဆိုသည်။

“တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ပြည်သူများရဲ့ ခံနိုင်ရည်စွမ်းရည် ကျလာနိုင်တယ်။ အဓိကအားဖြင့် ဆက်တိုက်ဖိခံနေရတဲ့ဒေသများမှာ ဆက်လကတောင့်ခံထားနိုင်ဖို့အတွက် အခက်အခဲရှိတယ်။ ဒီလိုအချိန် တော်လှန်ရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းဟာ အရေးကြီးတယ်”ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောသည်။

ယင်းအပြင် မြေပြင်တွင် ဒုက္ခမျိုးစုံတွေ့ဆုံနေရချိန်၌ စီမံအုပ်ချုပ်သူတို့ အစီအမံ၊ အုပ်ချုပ်မှုပုံစံအမှားနှင့် အချင်းချင်းအဆင်မပြေတိုက်ခိုက်နေပါက ပြည်သူများ ပိုမိုအခက်အခဲကြုံရမည်ဖြစ်သဖြင့် မြေပြင်ရှိ ပအဖ၊ ပလဖ၊ ပကဖ၊ စစ်ဒေသအသီးသီး စီမံအုပ်ချုပ်အောက်တွင်ရှိနေသည့် PDF၊ LPDF အားလုံးသည် သက်ဆိုင်ရာဌာနများဖြင့် Change of Comand အားကောင်းနေရန်လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က အစည်းအဝေးတွင်ပြောကြားခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း