ဒဂုံ တက္ကသိုလ်မှကျောင်းသား ၇ ဦးသေဒဏ်ချမှတ်ခံရ

Author ခေတ်နီ
Categories
Published on Dec 01, 2022

ပြီးခဲ့သည့် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဒဂုံတက္ကသိုလ်မှကျောင်းသား ၇ ဦးကို စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်းတရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း ၎င်းတို့၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဒဂုံတက္ကသိုလ်မှ ကျောင်းသားများဖြစ်သည့် ကိုဟိန်းထက်၊ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ ကိုခန့်ဇင်ဝင်း ၊ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦး ၊ကိုခန့်လင်းမောင်မောင်တို့ကို စစ်ကောင်စီမှ ပြီးခဲ့သည့် ဧပြီလအတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှစတင်ကာ အဆက်အသွယ်ပြတ်တောက်နေခဲ့ကြောင်း၊ ယင်းနောက် မိသားစုအား ဆက်သွယ်ခွင့်မပေးဘဲ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အင်းစိန်ထောင်တွင်းတရားရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို စွဲတဲ့အမှုကများတယ် အခုက အင်းစိန်ထောင်တွင်းကနေ သေဒဏ်ချတာ အနောက်ပိုင်း တရားရုံးမှာ ရုံးထုတ်နေတာရှိသေးတယ် ဘာတွေဖြစ်လာမလဲဆိုတာတော့ မသိသေးဘူး ၊ရှေ့နေနဲ့တော့ ဖုန်းပြောဖို့ကြိုးစားနေတယ် ၊အဲ့ကြမှ ဘာအမှုတွေလဲဆိုတာသိရမယ် “ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်ဦးမှ ပြောသည်။

လက်ရှိတွင် ၎င်းတို့ကို ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပေမယ့် မည်သည့်ပုဒ်မများဖြင့် တရားစွဲဆို သေဒဏ်ချမှတ်ခဲ့ခြင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုဂျင်မီအပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ဦးအား ထောင်တွင်း လူသတ်မှုကို ကျူးလွန်ခဲ့ဖူးသည်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁၂၈ ဦးထိ သေဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP၏ မှတ်တမ်းများအရ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒဂုံတက္ကသိုလ် #ကျောင်းသား #သေဒဏ်