ကိုးကန့် နမ့်ဖာတောင် တိုက်ပွဲတွင် စစ်ကောင်စီမှ တပ်ရင်းမှူး အပါအ၀င် ၁၀ ဦးကျော် သေဆုံး

Author လင်းခိုင်
Categories
Published on Dec 01, 2022

ကိုးကန့် နမ့်ဖာတောင် တိုက်ပွဲတွင် စစ်ကောင်စီမှ တပ်ရင်းမှူးအပါအ၀င် ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း ကိုးကန့်သတင်းဌာနက နို၀င်ဘာ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် နို၀င်ဘာ ၂၇ ရက်နေ့တွင် အင်အား ၅၀၀ ကျော်စုစည်းပြီး၊ ကိုးကန့် ချင်းရွှေဟော်ဒေသ၊ နမ့်ဖာတောင်ခြေရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) ၏ခံတပ်ကို နို၀င်ဘာ ၂၉ ရက်တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်များသည် နမ့်ဖာတောင်၏ တောင်နှင့် မြောက် နှစ်ဘက်မှ MNDAA ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲသည် တစ်နေကုန်နီးပါးကြာမြင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်များသည် MNDAA မှ ခံစစ်ဖြင့် ပြန်လည် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ တပ်ရင်းမှူးအပါအ၀င် ၁၀ ဦးသေဆုံးကာ၊ စစ်ကောင်စီတပ်များသည် အလောင်းများကို စွန့်ခွာကာ ပြန်လည် ဆုတ်ခွာ ထွက်ပြေးခဲ့သည်အပြင် စစ်ကောင်စီတပ်သား အယောက် ၂၀ လည်း ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် MNDAA တပ်ဖွဲ့များသည် နို၀င်ဘာ ၂၉ ရက် နေ့လည် ၁၁နာရီ ၁၄ မိနစ်တွင် တုံရှန်ဒေသ ရာခုတ်ကိုင်ရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့သည့်အပြင် ရှင်ကိုင်နေရာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ် ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရှိရသေးဟုဆိုသည်။

နို၀င်ဘာ ၂၈ ရက်တွင် လည်း စစ်ကောင်စီတပ်များနှင့် MNDAA တပ်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သေးသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် MNDAA တပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ကွတ်ခိုင်၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ မူဆယ်နှင့် ချင်းရွှေဟော်တို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ဓာတ်ပုံ- MNDAA
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #MNDAA #ကိုးကန့်

Related News

Depend on news