လာမည့်နွေရာသီတွင်လည်း မီးပြတ်ဦးမည်ဖြစ်၍ ပြည်သူများ လက်ခံလာစေရန် ပြောဆိုရမည် စစ်ကောင်စီဆို

Author မေ
Categories
Published on Nov 28, 2022

လာမည့်နွေရာသီတွင်လည်း မီးပြတ်ဦးမည် ဖြစ်သဖြင့် ပြည်သူများ လက်ခံလာစေရန် ထိတွေ့ ချပြပြောဆိုရန် လိုအပ်ဟု စစ်ကောင်စီခန့် လျှပ်စစ်ဝန်ကြီးက ပြောဆိုကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။

မကြာမီရောက်ရှိလာတော့မည့် နွေရာသီတွင် ပြည်သူလူထု၏ တစ်နေ့တာ ဓါတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်ကြောင်း ၊ ထို့ကြောင့် ရရှိသည့် ဓါတ်အားကို လူတိုင်း အချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဓါတ်အား ဖြန့်ဖြူးမည့် အစီအမံများကို ဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဟု ပြောကြားကြောင်း သိရသည်။ ထို့ပြင် မိမိတို့ လုပ်ဆောင်မှုများကို ပြည်သူများမှ နားလည်လက်ခံ လာစေရေး ထိတွေ့ပြောဆို ချပြဆောင်ရွက်ရန်လည်း ၎င်းက ရန်ကုန်မြို့ရှိ YESC ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ လာမည့်နွေရာသီ၌ အချိန်ပိုင်းသာ လျှပ်စစ်မီး ဆက်လက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ယခုနှစ်အစပိုင်းမှ စ၍ နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ပြတ်တောက်မှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည်။

အထွေထွေအကျပ်အတည်း ရင်ဆိုင်နေရသော လူထုအတွက် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ပိုမိုကျပ်တည်းသော လူမှုဒုက္ခများအား ရင်ဆိုင်လာရသည်။ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများမှသည် တိုင်းပြည်စီးပွားရေးလည်း ထိခိုက်မှုများ ရှိလာသည်။

ရန်ကုန်မြို့တွင်ပင် လျှပ်စစ်မီးပြတ်တောက်၍ နာရီနှင့် ချီကာ ဂတ်စ်ရရှိရန် တန်းစီစောင့်ဆိုင်းရသော YBS ယာဉ်များကြောင့် ကားမှတ်တိုင်များ၌ လူများစွာ တန်းစီစောင့်ဆိုင်းရသည့် အခြေအနေများလည်း ဖြစ်ပေါ်ခဲ့သည်။ စစ်အာဏာသိမ်း၍ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသော နိုင်ငံရှိ မီးပြတ်နေသော လမ်းများပေါ်၌လည်း ခိုးဆိုးလုနှိုက်မှုများမှာ များပြားလျက်လည်း ရှိနေသည်။

ယခုလ အတွင်း၌ပင် မီးအမြဲပြတ်နေတတ်သော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်နှင့် ပဲခူးမြို့တို့၌ ရပ်ကွက်အတွင်းရှိ ထရန်စဖော်မာမှ မီးကြိုးများပင် ခိုးယူမှုများ ရှိလာသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်နေ့လျှင် ပျှမ်းမျှ လျှပ်စစ်မီးရရချိန် ၄နာရီခန့်သာ ရှိနေသည်။

စစ်ကောင်စီမှ အာဏာမလုယူမှီ မြန်မာနိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် နေ့စဉ် ၂၄နာရီနီးပါး လျှပ်စစ်မီးများ ရရှိနေပြီဖြစ်ကာ ကျေးလက်ဒေသများတွင်ပါ အချိန်ပိုင်းအလိုက် လျှပ်စစ်မီးရရှိစေရေးအတွက် စီမံကိန်းများစွာဖြင့် လုပ်ဆောင်ခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လျှပ်စစ်မီး