လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည့် မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံရ

Author လင်းခိုင်
Categories
Published on Nov 28, 2022

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည့် ၊ ဧရာ၀တီတိုင်း မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံခဲ့ရ ကြောင်း ယင်းနှင့်နီးစပ်သူ အသိုင်းအဝိုင်းများထံမှ သိရှိရသည်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အား စစ်ကောင်စီတပ်များသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် လေးကေ့ကော်မြို့သစ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ထို့ကဲ့သို့ ဆယ့်တစ်လနီးပါး မတရားဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)၊ ပုဒ်မ ၁၂၂ တို့ဖြင့် ယနေ့(နို၀င်ဘာ ၂၈ ရက်) တွင် စစ်ကောင်စီလက်အောက်ခံ မြ၀တီတရားရုံးမှ ထောင်ဒဏ် ၂၆ နှစ်အမိန့်ချခဲ့ခြင်းဖြစ်သည်။

 

“သူကဘယ်အဖွဲ့အစည်းမှ မပါဘူး။ အမိန့်ချတကာက မတရားအသင်းကော၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်တာတွေကော၊ သူတို့ လိုတာဆွဲပြီး မတရားအမိန့်ချတာ၊ သူကထွက်ပြေးတိန်းရှောင်ပြီး ပရဟိတက လုပ်ငန်းတွေပဲ လုပ်တာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်၏ မိတ်ဆွေဖြစ်သူ ကဗျာဆရာ ပန်းတော်ဆက်က CJ Platform သို့ပြောသည်။

 

စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်သည် လွှတ်တော်ကိုယ်စားလှယ် မဖြစ်မှီ မြောင်းမြမြို့တွင် ဆယ်နှစ်တစ်ခုကျော် အကြာ ကရုဏာရှင်လူငယ်များ အသင်းအမည်ဖြင့် ပရဟိတ အသင်းတည်ထောင်ကာ ပြည်သူများကို ကူညီခဲ့သူဖြစ်သဖြင့် မြောင်းမြမြို့ခံများက ထောက်ခံအားပေးသူတစ်ဦးလည်းဖြစ်သည်။

 

ယမန်နှစ် ဒီဇင်ဘာ လတွင် စစ်ကောင်စီက လေးကေ့ကော်မြို့သစ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအ၀င် အယောက် ၂၀ခန့်အား မတရားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ စစ်ကောင်စီတပ်များ လေးကေ့ကော်မြို့သစ်သို့ ၀င်ရောက်ပြီး ဖမ်းဆီးမှုများကြောင့် မြို့တွင်နေထိုင်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကာ လက်ရှိလေးကေ့ကော်မြို့တွင် မည်သူမှ နေထိုင်ခြင်းမရှိတော့ပေ။