KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Author မွန်လေး
Categories
Published on Nov 28, 2022

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က နို၀င်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများသည် နို၀င်ဘာ ၂၅ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် KNLA တပ်မဟာ ၅ လက်အောက်ရှိစစ်သည်များသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်သည့် မယ်ဝေ တပ်စခန်းအား ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။

ထို့ပြင် နို၀င်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ လယ်တိုးစခန်းအောက်ခြေရှိ ရေခတ်ဆိပ်ကို ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့အတွင်း လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီ ထော့မူပလယ်မဲစခန်းနှင့် ဒဲကျူစခန်းတို့ကို ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့သည်။

ယင်းအပြင် နို၀င်ဘာ ၂၃ရက် ညနေ ၃ နာရီခန့်တွင် ဖလပ်ခိုဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လူးကွယ်လူစခန်းနှင့် ထော့မူပလယ်မဲ စခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ နို၀င်ဘာ ၂၁ ရက်တွင်လည်း ဖါးဂေါ်လိုးစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုသုံးကြိမ်တွင် စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်ပြီး နို၀င်ဘာ ၂၀ ရက် နံနက် ၉ နာရီအချိန်တွင်လည်း KNLA တပ်မဟာ ၅ မှ စစ်သည်တော်များသည် စစ်ကောင်စီတပ်၏ ဖာပွန်မြို့အတွင်းရှိ ခမရ ၃၄၉ စခန်းအား ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အမျိုးသမီးစစ်သည်တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မူတြော်သတင်းစဉ်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မူတြော် #KNU