ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ယူနီဖောင်းများကို စစ်ကောင်စီက ၀တ်ဆင်ပြီး ကျေးရွာများ မီးလိုက်ရှို့နေ

Author လင်းခိုင်
Categories
Published on Nov 25, 2022

၀က်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၊ ယူနီဖောင်းများကို စစ်ကောင်စီက ၀တ်ဆင်ပြီး ကျေးရွာများ မီးလိုက်ရှို့နေသည့်အတွက် ယင်းယူနီဖောင်းများကို အသုံးပြုတော့မည် မဟုတ်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် တပ်ရင်း အခြေစိုက်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းခဲ့သည့် ဖြစ်စဉ်တစ်ခုတွင် တပ်ရင်းယူနီဖောင်းအသစ်များ ထည့်ထားသည့် ဆာလာအိတ်ကြီး သုံးအိတ်နှင့် အခြားအ၀တ်အစား ဆေးပစ္စည်းများ သိမ်းပိုက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုကဲ့သို့ သိမ်းပိုက်ခံခဲ့ရသည့်အတွက် စစ်ကောင်စီစစ်ကြောင်းသည် တပ်ရင်းယူနီဖောင်းများကို ၀တ်ဆင်ပြီး ကျေးရွာများကို မီးလိုက်ရှို့ခြင်း၊ အများပြည်သူနေအိမ်များကို ဖျက်ဆီးခြင်းများပြုလုပ်ကာ၊ တပ်ရင်းကို ပြည်သူများအထင်လွဲအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အခြေအနေများကြောင့် ယခင်က အသုံးပြုခဲ့သည့် တပ်ရင်းယူနီဖောင်းများကို နို၀င်ဘာ ၂၅ ရက်(ယနေ့) မှစတင်ကာ အသုံးပြုတော့မည်မဟုတ်ကြောင်းနှင့် ယင်း ယူနီဖောင်းများကို ၀တ်ဆင်ပြီး ပြည်သူများကို ဒုက္ခပေးနေသူများသည် စစ်ကောင်စီတပ်များသာဖြစ်ကြောင်း မိဘပြည်သူများနှင့် မိတ်ဘက် တော်လှန်ရေးအဖွဲ့များသိရှိနိုင်ရန် ကြေညာအပ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ- ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ယခင်အသုံးပြုခဲ့သည့် ယူနီဖောင်းများ
ဓာတ်ပုံ- ရွှေဘိုခရိုင် အမှတ် ၁၈တပ်ရင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရွှေဘိုခရိုင် #PDF #ယူနီဖောင်း #ကျေးရွာမီးရှို့