တပ်မ ၅၅တွင် သွားရောက် ကပြဖြေဖျော်သည့် မြဝတီအငြိမ့်အဖွဲ့မှ သိန်းငါးဆယ်ပျောက်ဆုံး၍ တပ်သားအချို့ စစ်ဆေးခံနေရ

Author ကိုပေါက်
Categories
Published on Nov 24, 2022

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် အမှတ် ၅၅ ခြေလျင်တပ်မဌာနချုပ် လက်အောက်ရှိ ရှေတန်းထွက်နေသည့် စစ်ကောင်စီတပ်သားများကို သွားရောက်ဖြေဖျော်သည့် မြဝတီအငြိမ့်အဖွဲ့မှ သိန်းငါးဆယ်ပျောက်၍ တပ်သားအချို့ စစ်ဆေးခံနေရသည်ဟု မြို့ခံတွေဆီက သိရသည်။

ရှေတန်းထွက်ပြီးပြန်လာသည့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းကို အမှတ် ၃ နယ်လှည့်ဆက်ဆံရေးတပ်ခွဲ မြဝတီအငြိမ့်မှ ယမန်နေ့ညပိုင်းက သွားရောက် ဖြေဖျော်ခဲ့ရာ ငွေကြေးအချို့ပျောက်ဆုံးသွား၍ စစ်ကောင်စီတပ်သားအချို့ စစ်ဆေးခံရတာ ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးမှ CJ Platform ကိုပြောသည်။

“တပ်မ ၅၅က အစဥ်အလာနဲ့ နေတယ်ဆိုပြီး တပ်မမှူး မိန့်ခွန်းပြောလို့ မပြီးသေးဘူး နောက် တပ်မတွေမှာ ဖြေဖျော်ဖို့ စရိတ်ပျောက်သွားတယ် လက်သည်မပေါ်ဘူး တာဝန်ရှိသူ မင်းသမီးက ငိုနေတယ် တပ်သားတွေကို စစ်ဆေးနေတယ်”ဟု ပြောသည်။

အမှတ် ၃ နယ်လှည့်ဆက်ဆံရေးတပ်ခွဲမှ အဆို၊အက၊ဟာသပြဇာတ်များ၊ စင်တင်မျက်လှည့်နှင့် ပြည်ကြီးမဏ္ဍိုင်အငြိမ့်များဖြင့် တင်ဆက်ကပြရာ စစ်သည် မင်းသမီးတစ်ဦး၏ တောဂေါ်လီ သီချင်းအပြီးတွင် ပျောက်ဆုံးခဲ့တာ ဖြစ်သည်ဟု အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“တောဂေါ်လီသီချင်းမှာပျောက်တာ အိုးလေး လှုပ်ပါဟေ့ဆိုနေရင်း တပ်သားတွေက ထကတာ စင်ပေါ်ရော စင်နောက်ရော လူကရောနေပြီးပျောက်သွားတာ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် တပ်မ ၅၅ မှ တပ်မမှူးဗိုလ်မှုးချုပ်က အဆိုပါ ငွေသိန်းငါးဆယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးနေပြီး ပျောက်ဆုံးသည့်ငွေကို တပ်မ ၅၅၊ မြို့ခံအုပ်ချုပ်ရေးနှင့်လုပ်ငန်းရှင်များမှ စိုက်ထုတ်ဖြေရှင်းထားသည်ဟု တပ်နှင့်နီးစပ်သူတွေဆီက သိရသည်။

နောက်တန်းစစ်သည်များကို ဖြေဖျော်ရာတွင် မြူးကြွစေသည့် တောဂေါ်လီကဲ့သို့သော သီချင်း သီဆိုခြင်း မပြုရန် ဖျော်ဖြေပွဲများတွင် အရက်သေစာသောက်စားခြင်းမပြုရန် ကာကွယ်ရေးဝန်ကြီးဌာနက စာထုတ်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရှမ်းပြည်နယ် #တပ်မ၅၅ #အငြိမ့် #ပိုက်ဆံပျောက်